Home
မြန်မာသတင်း
ရဲတပ်ဖွဲ့နေ့အခမ်းအနား နိုင်ငံတ၀န်း ကျင်းပ
ရွှေအောင်
·
October 1, 2016
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားများကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့အပါအ၀င် နိုင်ငံတ၀န်းလုံးရှိ မြို့ကြီးများမှာ ကျင်းပပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာအစိုးရ အဖွဲ့အကြီး အကဲတွေလည်း တက်ရောက် မိန့်ခွန်း ပြောခဲ့ကြပါတယ်။ နေပြည်တော်မှာလုပ်ခဲ့တဲ့ ၅၂နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ဒုတိယသမတဦးမြင့်ဆွေ တက်ရောက် မိန့်ခွန်း ပြောခဲ့သလို ပြည်နယ်တိုင်း အသီးသီးမှာလုပ်တဲ့ ရဲတပ်ဖွဲ့နေ့ အခမ်းအနားများကိုလည်း ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ အသီးသီး တက်ရောက်မိန့်ခွန်း ပြောခဲ့ကြပါတယ်။ အငြိမ်းစားရဲမှူးချုပ် ဦးဝင်းခေါင်က ရဲတပ်ဖွဲ့နေ့အခမ်းအနားများကို အရင်ကတည်းက ဒီလိုပဲ တနိုင်ငံလုံးအနှံ့ လုပ်ခဲ့ကြတာဖြစ်ပြီး အခုကတော့ မီဒီယာအစွမ်းကြောင့် လူသိပိုများတာလို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စိတ်နေစိတ်ထားတွေ ပြောင်းဖို့က ရဲတပ်ဖွဲ့ရဲ့ အဓိက လိုအပ်ချက်ဖြစ်တယ်လို့လည်း ပြောပါတယ်။ “ရုပ်ဝတ္ထုတွေ ဘယ်လောက်ပဲပေးပေး ကင်းလှည့်စောင့်ရှောက်ဖို့အတွက် ရော့ကွာ ဆိုင်ကယ် ရော့ကွာ ကား ဒါနဲ့ မလုံလောက်ပါဘူး။ ဥပဒေတွေကိုလည်း ဒီမိုကရေစီစံနှုန်းနဲ့ ညီအောင် ဘယ်လောက်ပဲ ပြင်ပြင် လူ့အခွင့်အရေး စံနှုန်းနဲ့ ကိုက်ညီအောင် ဘယ်လောက်ပဲ ချချ၊ တပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ကို အခြေခံကအစ ပြောင်းလဲသွားရမှာ၊ အဲဒီ ပြောင်းလဲမှုသည် အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံး အဆီးအတား တရပ်ပဲ” ရန်ကုန်မှာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင်လူသတ်မှု၊ အရင် စစ်အစိုးရခေတ်က ငါးလောင်းပြိုင်လူသတ်မှု စတဲ့ လူသတ်မှုတွေရဲ့ တရားခံကို မဖော်ထုတ်နိုင်တဲ့အတွက် ရဲတပ်ဖွဲ့အပေါ် ဝေဖန်မှုတွလည်း ရှိနေပါတယ်။ အငြိမ်းစားရဲမှူးချုပ်ဦးဝင်းခေါင်ကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ခေတ်မီကိရိယာတွေ မသုံးနိုင်သေးလို့ အမှုတွေ ဖော်ထုတ်တဲ့နေရာမှာ အခက်အခဲ ဖြစ်ရတယ်လို့ ဆိုပါတယ်။ “ဥပမာ ငါးလောင်းပြိုင်လူသတ်မှုတုန်းကဆိုရင် သွေးကွက်တော့ တွေ့တယ်၊ ဘယ်သူ့ သွေးလည်း ကျနော်တို့ မသိနိုင်ခဲ့ဘူး။ လူသတ်သမားရဲ့ သွေးလား။ အသတ်ခံရတဲ့ ဦးဖြူရဲ့ သွေးလား၊ မသိနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒါကို ဖော်ထုတ်နိုင်တဲ့ ဒီအန်အေ မရှိလို့၊ ခေတ်မီနည်းပညာကိရိယာတွေရဲ့ ပံ့ပိုးမှု ဆိုတာကလည်း အခုကျမှ ကျနော်တို့က အားခြင်း အပြေးအလွှားကို တည်ဆောက်နေကြရတာ” အမှုတွေကို စုံစမ်းဖော်ထုတ်ရာမှာ ပြည်သူလူထုရဲ့ ပံ့ပိုးကူညီမှုလည်း လိုအပ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ် အောက်တိုဘာ ၁ ရက် နေ့ကို ရဲတပ်ဖွဲ့နေ့လို့   သတ်မှတ်ထားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024