Home
မေးမြန်းခန်း
နောက်ပြန်ဆုတ်သွားတဲ့ ဖြစ်ထွန်းမှုလို့ ကျနော်တို့က ပြောရမယ် - ရှေ့နေ ဦးကိုနီ
အေးနိုင်
·
October 1, 2016
ခရိုင်နဲ့မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်၊ အကျဉ်းဦးစီး၊ ရဲနဲ့ ထောက်လှမ်းရေးတို့ကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရလက်အောက်သို့ ထည့်သွင်းဖွဲ့စည်းဖို့ ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၁၇ ရက်နေ့က အမိန့်ထုတ်ခဲ့တာကို စက်တင်ဘာ ၂၂ ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ခရိုင်ထွေအုပ်၊ မြို့နယ်ထွေအုပ်တွေကို နဂိုမူလအတိုင်း ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာပဲ ပြန်လည်ထားရှိဖို့ ထုတ်ပြန်ခဲ့တာဟာ မြန်မာနိုင်ငံမှာ ဘယ်လောက်အရေးကြီး၊ အရေးပါတဲ့ကိစ္စလဲ။ ဖြေ - ပြည်ထဲရေး ဒု-၀န်ကြီးက နောက်ဆုံးထုတ်လိုက်တဲ့၊ ရှေ့က သြဂုတ်လ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ထားတဲ့ ထုတ်ပြန်ကြေညာချက်ပေါ့လေ၊ အကျဉ်းကတော့ ပြည်ထဲရေးဝန်ကြီးရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ ပြီးတော့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေပေါ့၊ အဲဒီအဖွဲ့အစည်းတွေကို ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ ကွပ်ကဲမှုအောက်ကို ရွှေ့ပြောင်းပြီးတော့ သက်ဆိုင်ရာဝန်ကြီးတွေ ဌာနအောက်မှာ ပေါင်းစပ်ဖွဲ့စည်းသွားဖို့ ဆိုပြီးတော့ ထုတ်ပြန်ခဲ့တယ်။ အဲဒီလိုထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ကို အခု စက်တင်ဘာလ ၂၂ ရက်နေ့ကျတော့ ပြည်ထဲရေး ဒု-၀န်ကြီးကနေပြီးတော့ အမိန့်ထပ်ထုတ်ပြီးတော့မှ ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ ကွပ်ကဲမှုအောက်ကို ပြောင်းရွှေ့တယ်ဆိုတဲ့စကားကို သူက ပြန်ပြီးတော့ ဖျက်လိုက်တယ်။ အဲဒီတော့ ဆိုလိုတဲ့အဓိပ္ပာယ်က ကျနော်တို့ပြောတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီး၊ မီးသတ် အစရှိတဲ့ အဖွဲ့အစည်းတွေ၊ ဦးစီးဌာနတွေအားလုံးဟာ ပြည်ထဲရေးဝန်ကြီးရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတယ်။ အဲဒါကို ပြည်နယ်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်အောက်ကို ပထမ ပို့မယ်ဆိုပြီးတော့ စာထွက်တယ်၊ အခုတော့ ပြန်ရုပ်သိမ်းတယ်။ အဲဒီတော့ သူ့ရဲ့ဖြစ်ထွန်းမှုကိုကြည့်ရင် နောက်ပြန်ဆုတ်သွားတဲ့ ဖြစ်ထွန်းမှုလို့ ကျနော်တို့က ပြောရမယ်။ ဘာကြောင့်တုန်းဆိုတော့ ကျနော်တို့ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ကောင်းတာ၊ ဆိုးတာ၊ ကြိုက်တာ၊ မကြိုက်တာကို ခနထား။ လက်ရှိတည်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် ဗမာပြည်ကို ပြည်နယ် ၇ ခု၊ တိုင်း ၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုစနစ်ပုံသဏ္ဌာန် ပုံဖော်ထားတာကို ငြင်းလို့မရဘူး၊ တွေ့ရမယ်။ ဘာကြောင့်တုန်းဆိုတော့ ပြည်နယ်တိုင်း၊ တိုင်းဒေသကြီးတိုင်းမှာ လွှတ်တော်တို့၊ အစိုးရအဖွဲ့တို့၊ တရားလွှတ်တော်တို့ဆိုတာ ရှိတယ်။ တိုတိုပြောရရင် ပြည်နယ်၊ တိုင်း အားလုံးမှာ ၀န်ကြီးချုပ်တွေရှိတယ်၊ ၀န်ကြီးချုပ်က ဦးဆောင်ပြီး ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ရှိတယ်။ ပြည်နယ်၊ တိုင်းဒေသမှာရှိတဲ့ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဘာပြဋ္ဌာန်းထားသတုန်းဆိုတော့ ပြည်ထောင်စုရဲ့တည်ငြိမ်ရေး၊ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ပြည်ထောင်စုအစိုးရက တာဝန်ယူဆောင်ရွက်မယ်၊ အဲဒီ တာဝန်ယူဆောင်ရွက်တာကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ကူညီဖို့ တာဝန်ရှိတယ်ဆိုပြီးတော့ကို ရေးထားတယ်၊ ပုဒ်မ ၂၅၀ မှာ။ အဲဒီတော့ ဒီတာဝန်အရ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့တွေဟာ ပြည်ထောင်စုအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို ကူညီနိုင်ဖို့အတွက် သူတို့ကို လုပ်ပိုင်ခွင့်အာဏာပေးရမယ်။ ယန္တရားတွေ တတ်ဆင်ပေးရမယ်။ အဲဒီတော့ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့ရှိတယ်။ ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်ရှိတယ်။ ဒါပေမယ့်လို့ တိုင်းပြည်ကို သူတို့တာဝန်ရှိတဲ့ ပြည်နယ်နဲ့တိုင်းကို လက်တွေ့အုပ်ချုပ်ဖို့ ၀န်ကြီးချုပ်တွေကို အာဏာကျတော့ ပေးမထားဘူး။ အဲဒီအာဏာအားလုံးက ဘယ်သူယူထားသတုန်းဆိုတော့ ပြည်ထဲရေးဝန်ကြီးက ယူထားတယ်။ ဆိုလိုတာက ခုန ဦးစီးဌာန ၅ ခုစလုံးကို တိုက်ရိုက်ကွပ်ကဲတာသည် ပြည်ထဲရေးဝန်ကြီး။ အဲဒီတော့ ပြည်ထဲရေးဝန်ကြီးက တနိုင်ငံလုံးမှာရှိတဲ့ ဒီဦးစီးဌာနတွေကို ကွပ်ကဲထားတယ်ဆိုတဲ့ အဓိပ္ပာယ်သည် တနိုင်ငံလုံးရဲ့အုပ်ချုပ်ရေးသည် ပြည်ထဲရေးရဲ့ လက်အောက်မှာပဲရှိတယ်ဆိုတဲ့ အဓိပ္ပာယ်။ ဒီလိုဆိုရင် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၁၄ ဖွဲ့ဟာ အရုပ်ပဲ၊ အလကားပဲ၊ ဘာမှအာဏာမရှိတဲ့သဘော ဖြစ်နေတယ်။ ဆိုတော့ ဒီမိုကရေစီစနစ်နဲ့လည်း ဆန့်ကျင်နေတယ်။ အထူးသဖြင့် ကျနော်တို့ပြည်သူတွေ မျှော်မှန်းတဲ့ အနာဂတ်ဒီမိုကရေစီနိုင်ငံဆိုတဲ့ မျှော်မှန်းချက်နဲ့ လုံးဝကို ဆန့်ကျင်နေတယ်။ အဲဒါကို ကျနော်တို့ အရပ်သားအစိုးရအသစ် တက်လာတဲ့အခါမှာ ဒါ ဒီမိုကရေစီရှေ့ပြေးပဲ။ အရင်က ပြည်နယ်၊ တိုင်းဒေသကြီးတွေမှာရှိတဲ့ ၀န်ကြီးချုပ်တွေ၊ အစိုးရအဖွဲ့တွေကို လုပ်ပိုင်ခွင့်အာဏာမပေးဘဲ ကန့်သတ်ထားတာကို အခု ကျနော်တို့ ပထမ ပြည်ထဲရေးဝန်ကြီးလက်မှတ်ထိုးတဲ့ သြဂုတ်လ ၁၇ ရက်နေ့ ပထမစာနဲ့ တကယ်ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့က သူ့ပြည်နယ်နဲ့ တိုင်းရဲ့ အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို လုပ်ဖို့၊ လက်တွေ့လုပ်နိုင်အောင်လို့ ဒီလို လုပ်ပိုင်ခွင့်အာဏာတွေကို ပေးလိုက်တာ။ အခု ဒါကို ပြည်ထဲရေးက ပြန်ပြီးတော့ ယူလိုက်တယ်၊ ဒီဟာကိုပြန်ပြီးတော့ ရုပ်သိမ်းလိုက်တယ်ဆိုတော့ အဓိပ္ပာယ်က အရင် ၅ နှစ်အတိုင်းပဲ ပြန်ဖြစ်သွားမယ်။ ရှေ့ကိုတိုးတဲ့ ဒီမိုကရေစီခြေလှမ်းဟာ နောက်ပြန်ဆုတ်သွားတဲ့သဘောပဲဖြစ်မယ်။ မေး - ၁၉၈၈ ခုနှစ်ကစလို့ တပ်မတော်အစိုးရကနေပြီးတော့ အာဏာစယူကတည်းက အုပ်ချုပ်ရေးယန္တရားမှာ တပ်မတော်သားတွေ အစဉ်အဆက် ကြီးစိုးရာကနေ ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးတွေမှာ တပ်ကပဲ။ ဒီအခြေအနေကနေ လက်ရှိအစိုးရ လက်ထက်ကျတော့ ပြည်သူတွေက အရမ်းမျှော်လင့်ခဲ့ကြသလို ခုနပြောသလို အပြောင်းအလဲလေး ဖြစ်လာတယ်။ ဒါပေမယ့် တလကျော်လောက်မှာ  အခုလို ဒုံရင်းအတိုင်း ပြန်ရောက်တော့ အရပ်ဘက်-စစ်ဘက် ယုံကြည်မှု အတိုင်းအဆက ဘယ်လိုဖြစ်လာနိုင်မလဲ။ ဖြေ - ကျနော်တို့ ပြီးခဲ့တဲ့ ၅ နှစ်ကို ပြန်ကြည့်လိုက်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အုပ်ချုပ်တဲ့ ၅ နှစ်ပေါ့ဗျာ။ ၂၀၁၁ ကနေ ၂၀၁၆ အထိ။ ဒီ ၅ နှစ်မှာ အရပ်သားတပိုင်းအစိုးရလို့ပဲ ပြောကြတယ်၊ အရပ်သားအစိုးရလို့မပြောဘူး။ ဘာကြောင့်တုန်းဆိုတော့ အစိုးရအဖွဲ့ရဲ့ခေါင်းဆောင် ဦးသိန်းစိန်က ဗိုလ်ချုပ်ကြီးဖြစ်နေတယ်။ အစိုးရအဖွဲ့ဝင် ၈၀ ရာခိုင်နှုန်းကလည်း ဗိုလ်ချုပ်တွေ။ အလားတူ လွှတ်တော်ကလည်း ဗိုလ်ချုပ်တွေပဲလွှမ်းမိုးတဲ့ လွှတ်တော်ပဲ။ အနိုင်ရ၊ အာဏာရပါတီ ယူအက်စ်ဒီပီ (ပြည်ခိုင်ဖြိုးပါတီ) ဆိုတာကလည်း ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတာ။ ဆိုလိုတာက နိုင်ငံ့အာဏာအားလုံးက အဖွဲ့အစည်းတခုတည်းရဲ့လက်ထဲမှာ ရှိနေတဲ့အခါကျတော့ အလုပ်လုပ်ရတဲ့နေရာမှာ အခက်အခဲမရှိဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ အဖွဲ့တဖွဲ့တည်းက အားလုံးကို စီမံနေတဲ့အတွက် အဆင်ပြေတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုက အပြောင်းအလဲကို အရမ်းလိုချင်တယ်၊ အရမ်းကို အရပ်ဘက်အုပ်ချုပ်ရေးကို လိုချင်တဲ့အခါကျတော့ အရပ်သားအစိုးရစစ်စစ် ဖွဲ့စည်းနိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံပြီးတော့ မဲအောပေးလိုက်တဲ့အခါကျတော့ မလွှဲသာ၊ မရှောင်သာ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရပ်သားအစိုးရဆိုတာ ပေါ်လာတယ်။ အရပ်သားလွှမ်းမိုးတဲ့ လွှတ်တော်ဆိုတာ ပေါ်လာတယ်။ ဟုတ်ပြီ၊ အဲဒီတော့ အစိုးရက အရပ်သားလွှမ်းမိုးတဲ့အစိုးရ ဖြစ်ပေမယ်လို့ အုပ်ချုပ်ရေးယန္တရားကို ထိန်းချုပ်ထားတာက ပြည်ထဲရေးဝန်ကြီး ဖြစ်နေတယ်။ ပြည်ထဲရေးဝန်ကြီးဆိုတာ ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီး။ အဲဒီတော့ တပ်က တိုက်ရိုက်ခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီး။ ဖြစ်တဲ့အပြင် အဲဒီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးကြီးတဲ့သူတွေ အားလုံးဟာလည်း တပ်ကနေ ကြိုပြီးတော့ပို့ထားတဲ့ လူတွေပဲ။ အလားတူ ရဲတပ်ဖွဲ့မှာရှိတဲ့ ရာထူးကြီးတဲ့လူတွေ အားလုံးကလည်း တပ်ကနေ အသွင်ပြောင်းလာတဲ့လူတွေပဲ။ အဲဒီတော့ အုပ်ချုပ်နေတာက အရပ်သားအစိုးရ။ အဲဒီအရပ်သားအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်မယ့် ၀န်ထမ်းတွေအားလုံးက တပ်မတော်သားဟောင်းတွေပဲ ဖြစ်နေတယ်။ အဲဒီတော့ အလုပ်လုပ်ရတာ အခက်အခဲရှိတယ်။ အရပ်သားအစိုးရတက်လာပေမယ့် အဲဒီအရပ်သားအစိုးရရဲ့ အာဏာကို၊ လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုချင်တဲ့ အနေအထားမှာ မရှိဘူး။ အဲဒီတော့ လက်ရှိ ၀န်ထမ်းတွေဟာ တပ်မတော်ကလာတဲ့လူတွေ ဖြစ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးရဲ့ လက်အောက်မှာပဲ နေချင်ပုံရတယ်။ တနည်းအားဖြင့် ပြည်ထဲရေးဝန်ကြီးရဲ့ အမိန့်ကိုပဲ နာခံပြီး အလုပ်လုပ်ချင်တဲ့ပုံရတယ်။ အဲဒီတော့ ဒါက ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သွားချင်တဲ့ ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်၊ အရပ်သားအုပ်ချုပ်ရေးစနစ်ဆိုတဲ့ အဲဒီစနစ်နှစ်ခုစလုံးနဲ့ ဆန့်ကျင်နေတယ်။ သူက ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်မဟုတ်ဘူး Unity System တဦး အုပ်ချုပ်တဲ့စနစ်ကို ဦးတည်တယ်။ အရပ်သားတွေရဲ့ အခွင့်အာဏာကို ချုပ်ချယ်ကန့်သတ်ထားတယ်။ ဆိုတော့ လူထုလိုလားတာက ငါတို့က ရန်ကုန်တိုင်းအစိုးရကို ရွေးလိုက်ပြီ၊ ရန်ကုန်တိုင်းအစိုးရက ငါတို့ဝန်ကြီးချုပ်၊ ဒါကြောင့် သူက လုပ်ပိုင်ခွင့်ရှိရမယ်၊ သူ အုပ်ချုပ်စေချင်တယ်၊ သူ့အမိန့်ကိုပဲ နာခံချင်တယ်။ သူ့ရဲ့စီမံခန့်ခွဲခွင့်အောက်မှာပဲ အလုပ်လုပ်စေချင်တယ်၊ ဒါက ပြည်သူ့ဆန္ဒ။ အဲဒီတော့ အဲဒီ ပြည်သူ့ဆန္ဒနဲ့အညီဖြစ်အောင် ပြည်ထောင်စုအစိုးရကနေပြီးတော့ တကယ့်အုပ်ချုပ်ရေးကဏ္ဍမှာ တာဝန်ထမ်းဆောင်တဲ့၊ အရေးပါတဲ့ ဦးစီးဌာန ၅ ခုကို ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအောက်ကို ထည့်ပေးလိုက်တာ။ အဲဒီတော့ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ပီပီပြင်ပြင်ဖြစ်အောင် လုပ်လိုက်တဲ့ ပထမအမိန့်ကို ဒုတိယအမိန့်နဲ့ ပြန်ပြီးရုပ်သိမ်းလိုက်တဲ့အခါကျတော့ ခုန ခင်ဗျားမေးတဲ့မေးခွန်း၊ တပ်မတော်အပေါ်မှာ ပြည်သူလူထုယုံကြည်မှုဟာ ပိုပြီးတော့ လျော့ကျသွားမယ်။ ကျနော်တို့ထင်တာက တပ်မတော်က တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ လျှော့ပေးပြီးတော့ မူလပေးထားတဲ့ ကတိအတိုင်း၊ တချိန်ချိန်မှာ တပ်မတော်က နောက်ဆုတ်ပြီးတော့ အရပ်သားအုပ်ချုပ်ရေးစနစ် အားကောင်းအောင် လုပ်ပေးမယ်လို့ ကျနော်တို့က မျှော်လင့်နေတာ။ ကျနော်တို့ဆိုတာက ပြည်သူတရပ်လုံးက ဒါကို မျှော်လင့်နေတာ။ ပထမအမိန့်အပေါ်မှာ အများကြီးဝမ်းသာနေတယ်။ အပြောင်းအလဲ တကယ်စပြီလို့ ထင်ခဲ့တယ်။ ဒါကြောင့်မို့ ဗြုန်းကနဲ တလကျော်ကျော်လေးအတွင်းမှာ ဒါကို ပြန်ရုပ်လိုက်တဲ့အခါကျတော့ ဘာမြင်သွားသတုန်းဆိုတော့ ပြည်သူလူထုဟာ တပ်မတော်ဘက်က ပုဂ္ဂိုလ်ကြီးများ၊ ပြည်ထဲရေးဌာနကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်ကြီးများ၊ ကာကွယ်ရေးကို တာဝန်ယူထားတဲ့ ပုဂ္ဂိုလ်ကြီးများသည် နိုင်ငံ့အုပ်ချုပ်ရေးမှာ ဆက်ပြီးတော့ ထိန်းချုပ်ထားချင်တယ်၊ ပြည်သူလူထုအုပ်ချုပ်တဲ့စနစ်ကို မပြောင်းပေးချင်ဘူးလို့ ပြည်သူလူထုဘက်က အဲဒီလိုမြင်တယ်။ အဲဒါဟာ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကျဆင်းတဲ့ဘက်ကို ဦးတည်သွားမယ်။ မေး - အရပ်သားအစိုးရဘက်ကိုပေးတဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်ထဲရေးက တလသာသာလေးအတွင်းမှာ ပြန်ရုပ်ခဲ့တာဆိုတော့ ပြည်ထဲရေးက ဘာကို စိုးရိမ်ပူပန်တာလို့ တွက်ဆမိသလဲ။ ဖြေ - ပြည်ထဲရေးရဲ့ စိုးရိမ်ပူပန်မှုလို့ပဲပြောမလား၊ သို့မဟုတ် တပ်မတော်အကြီးအကဲများရဲ့ စိုးရိမ်ပူပန်မှုလို့ပဲ ပြောမလား၊ ဒီနှစ်ခုတော့ ကျနော် တိတိကျကျ မပြောနိုင်ဘူး။ စိုးရိမ်ပူပန်မှုရှိတာတော့ မှန်တယ်၊ အဲဒါ ဘာတုန်းဆိုတော့ အုပ်ချုပ်ရေးအာဏာကို တပ်မတော်သားများအနေနဲ့၊ သူတို့လည်း တပ်မတော်သားဟောင်းများအနေနဲ့၊ သို့မဟုတ်လည်း လက်ရှိတပ်မတော် လက်ရှိခေါင်းဆောင်များအနေနဲ့ မစွန့်လွှတ်ချင်ဘူး။ တတ်နိုင်သမျှ ထိန်းချုပ်ထားမယ်ဆိုတဲ့သဘောလို့ ကျနော်တို့က မြင်တယ်။ တနည်းအားဖြင့် တိုင်းပြည်ရဲ့ကံကြမ္မာကို စီမံခန့်ခွဲနိုင်တဲ့ အုပ်ချုပ်မှုအာဏာကို သူတို့လက်ထဲမှာ တတ်နိုင်သမျှ ယူထားချင်တယ်။ တဘက်က လွှတ်တော်ဆိုရင် ဥပဒေပြုအာဏာမှာ လွှတ်တော်က အများစုရနေတဲ့အတွက်၊ အရပ်သားအများစု ဖြစ်နေတဲ့အတွက် အရပ်သားလိုလားတဲ့ ဥပဒေတွေ အခု ပြဋ္ဌာန်းနိုင်ပြီ။ အရပ်သားမကြိုက်တဲ့ ဥပဒေတွေ ဖျက်နိုင်ပြီဗျာ ဒါကတော့ ရှည်မှာစိုးလို့၊ ကျနော်တိုတိုပြောရရင်၊ လွှတ်တော်က သွားနေပြီ။ ဒီဘက်က အုပ်ချုပ်ရေးက မသွားသေးဘူး၊ ပြည်သူ့ဆန္ဒနဲ့အညီ မဖြစ်သေးဘူး။ အဲဒီတော့ ဒါကို မဖြစ်စေချင်တဲ့အစုနဲ့၊ ဖြစ်စေချင်တဲ့အစု။ အရပ်သားအစိုးရက အရပ်သားဆန္ဒအတိုင်း အုပ်ချုပ်တာကို လိုလားမယ်။ ဒါပေမယ့် တချိန်က အုပ်ချုပ်ခဲ့တဲ့ တပ်မတော်သားတွေကတော့ အုပ်ချုပ်ရေးကို တပ်မတော်က ဆက်ကိုင်ထားချင်တယ်။ အဲဒီတော့ ပြဿနာက ဘာဖြစ်လာသတုန်းဆိုတော့ (Constitutional Conflict) ခေါ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ အရှုပ်အထွေးက ဒီမှာ ပေါ်လာတယ်။ အဲဒီတော့ဗျာ လိုတိုရှင်းပြောရရင် မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲဟာ သမ္မတ။ အဲဒါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉၉ မှာပါတယ်။ နိုင်ငံတော်သမ္မတဟာ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲဖြစ်တယ် (က)ပေါ့၊ (ခ) ကျတော့ ဒီအုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စုအတွက် ကျင့်သုံးသလို ပြည်နယ်၊ တိုင်းတွေကိုလည်း ခွဲဝေပေးတယ်ဆိုပြီးတော့ ရေးထားတယ်။ တခါ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်တွေဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံရမယ်လို့ ရေးထားတယ်။ ပြည်နယ်၊ တိုင်း ၀န်ကြီးတွေဟာလည်းပဲ ၀န်ကြီးချုပ်ကနေတဆင့် သမ္မတကို တာဝန်ခံရမယ်။ သမ္မတကတော့ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်။ ဆိုလိုတာက သမ္မတရော၊ ၀န်ကြီးချုပ်တွေရော အားလုံးကို တာဝန်တွေ တင်ထားတယ်။ သမ္မတက အုပ်ချုပ်ရေးဌာန အကြီးအကဲ၊ ပြည်သူကို ပြည်ထောင်စုလွှတ်တော်ကို ခင်ဗျားက တာဝန်ခံ၊ မှားရင် ခင်ဗျားပဲ။ အလားတူ ၀န်ကြီးချုပ်တွေကလည်း ခင်ဗျားပြည်နယ်မှာ ပြဿနာရှိရင် ခင်ဗျားတာဝန်၊ ခင်ဗျားခံရမယ်။ တာဝန်တွေတင်တယ်။ ဆိုတော့ တာဝန်တင်ရင် အဲဒီတာဝန်ကို ထမ်းဆောင်နိုင်အောင် လုပ်ပိုင်ခွင့်ပေးရမယ်။ လုပ်ပိုင်ခွင့်ကျတော့ မပေးဘူး။ တာဝန်ကျတော့ တင်ထားတယ်။ ဒီပြဿနာက ဆက်တိုက်လာတာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၃ မှာ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမယ်လို့ပြောတယ်။ ၁၉၉ မှာ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲလို့ ပြောတယ်။ ဒါပေမယ့်လို့ အဲသလို တာဝန်တွေသာ တင်ထားတယ်၊ အဲဒီအကြီးအကဲဟာ တိုင်းပြည်ကို လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်နိုင်ဖို့အတွက် ပြည်ထဲရေးဝန်ကြီးကို သူမရွေးနိုင်ဘူး။ နိုင်ငံတော်သမ္မတဟာ အုပ်ချုပ်ရေးဌာနရဲ့ အကြီးအကဲဆိုရင် အဲဒီအုပ်ချုပ်ရေးကို လက်တွေ့လုပ်မယ့် ပြည်ထဲရေးဝန်ကြီးဆိုတဲ့ရာထူးကို သမ္မတက ခန့်နိုင်ရမယ်၊ သမ္မတက မခန့်နိုင်ဘူး။ ဆိုတော့ အဲဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အထဲမှာကို မညီမညွတ်ဖြစ်နေတာ။ သမ္မတက အုပ်ချုပ်ရေးဌာနရဲ့အကြီးအကဲဆိုရင် သမ္မတဟာ အုပ်ချုပ်ရေးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိရမယ်။ ထိန်းချုပ်ထားတယ်၊ ပြည်ထဲရေးဝန်ကြီးကို သူ့ကို ခန့်ခွင့်မပေးတဲ့နည်းနဲ့ ထိန်းချုပ်ထားတယ်။ တချိန်ကတော့ အားလုံး သူတို့အတူတူဖြစ်လို့ ပြဿနာမရှိဘူး၊ ဒါပေမယ့် ဒီကနေ့ကျတော့ ပြည်ထဲရေးဝန်ကြီးက တပ်ဘက်ကလာတယ်၊ တပ်အလိုက သူက လုပ်လိမ့်မယ်။ သမ္မတက ပြည်သူ့ဘက်ကနေ တက်လာတယ်၊ ပြည်သူ့အလိုကျလုပ်မယ်။ အဲဒီတော့ Conflict ပဋိပက္ခဖြစ်လာတယ်။ ဒီတော့ ဒီ Conflict ကို ဖြေလျှော့ဖို့ဆိုရင် တကယ် တပ်မတော်က အရပ်သားအစိုးရကို လက်ခံရင်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံရင်၊ အရပ်သားအုပ်ချုပ်တဲ့ဘက်ကို ဦးတည်တဲ့ ဆောင်ရွက်ချက်တွေကို လုပ်ပေးရမယ်၊ ပံ့ပိုးပေးရမယ်၊ ကူညီပေးရမယ်၊ ထောက်ခံပေးရမယ်။ အခုလို နောက်ပြန်ဆုတ်တာဟာ မကောင်းဘူး။ ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ရည်ရွယ်ချက်တွေနဲ့ ဆန့်ကျင်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေက ဗမာနိုင်ငံကို ပြည်နယ်၊ တိုင်း ၁၄ ခုနဲ့ ဖွဲ့စည်းတဲ့ ပြည်ထောင်စုနိုင်ငံပုံစံကို သွားချင်တာ။ အဲဒီတော့ ပြည်ထောင်စုဖြစ်တဲ့အတွက် အဲဒီပြည်ထောင်စု၊ အဲဒီပြည်နယ်၊ တိုင်း ၁၄ ခုမှာရှိတဲ့ ၀န်ကြီးတွေ၊ အစိုးရအဖွဲ့တွေက သူတို့အာဏာရှိမယ်၊ သူတို့ပြည်နယ် သူတို့အုပ်ချုပ်မယ်၊ သူတို့ကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ်။ ဒီပုံစံကို သွားရမယ်။ အခု ပြည်နယ်၊ တိုင်းလွှတ်တော်တွေဟာ ဥပဒေပြုနိုင်တဲ့အာဏာတွေ ရှိတယ်။ ပြည်နယ်၊ တိုင်း အစိုးရကျတော့ အုပ်ချုပ်ရေးအာဏာကို အပြည့်အ၀မအပ်ဘူး။ ပြည်ထဲရေးဝန်ကြီးက ဒီနေရာကို ၀င်ယူထားတယ်။ တာဝန်ကျတော့ ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်ကို တင်တယ်။ ယန္တရား ၀န်ထမ်းအဖွဲ့အစည်းကိုကျတော့ ပြည်ထဲရေးက ကွပ်ကဲထားတယ်ဆိုတော့ ၀န်ထမ်းကို ကွပ်ကဲတာ တယောက်တာဝန်ယူပြီး အုပ်ချုပ်ရေး၊ တည်ငြိမ်အေးချမ်းရေးကို လုပ်ရမယ့်ဟာက တယောက်၊ ဘယ်လိုမှ အလုပ်လုပ်လို့မရဘူး။ အဲဒါကြောင့် ကျနော်တို့က ဒီကွပ်ကဲမှုအာဏာကို ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်တွေကို လွှဲပြောင်းပေးတာပေါ့ဗျာ။ ဒါကို ပြန်နောက်ဆုတ်သွားတယ်ဆိုတော့ ခုနက နောက်ဆုတ်တဲ့လက္ခဏာတွေပေါ့ဗျာ၊ တိုးတက်မှုမရှိဘူးဆိုတဲ့ လက္ခဏာတွေပေါ့။ မေး - ပထမခွင့်ပြုတဲ့အမိန့်စာက ပြည်ထဲရေးဝန်ကြီးက ထုတ်ပြန်တယ်။ ဒုတိယ အခုပြန်ရုပ်သိမ်းတာကျတော့ ပြည်ထဲရေး ဒု-၀န်ကြီးက ပြန်ရုပ်သိမ်းတယ်။ အဲဒါက ဘယ်လိုနားလည်ရမလဲ။ ဖြေ - ကျနော်တို့ တရားရေးလမ်းကြောင်းနဲ့ ပြောရရင် အမိန့်ချတဲ့တရားသူကြီးက ကိုယ့်အမိန့်ကို ကိုယ် ဘယ်တော့မှ ပြန်ပြင်ခွင့်မရှိဘူး။ သူ့ထက်မြင့်တဲ့ဌာန၊ သူ့ထက်မြင့်တဲ့ တရားသူကြီးကပဲ ပြင်ရတယ်။ ဒါကတော့ တရားရေးသဘောပြောတာ။ အဲတော့ အခုဟာကတော့ အုပ်ချုပ်ရေးပေါ့။ အုပ်ချုပ်ရေးဆိုလို့ရှိရင် အခု ပြည်ထဲရေးဝန်ကြီးက စာထုတ်တယ်ဆိုတော့ ပြည်ထဲရေးဝန်ကြီးဟာ ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာရှိတဲ့ ဌာနပေါင်းများစွာထဲက ဌာန ၁ ဌာနပဲဖြစ်တယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အကြီးအကဲသာဖြစ်တယ်။ အစိုးရရဲ့ အကြီးအကဲမဟုတ်ဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် တဦးသာဖြစ်တယ် ပြည်ထဲရေးဝန်ကြီးဆိုတာ။ သူ့ရဲ့လုပ်ပိုင်ခွင့်တာဝန်က အုပ်ချုပ်ရေးကို သူ့ကို တာဝန်ခံခိုင်းထားတယ်။ ဒါပေမယ့် သူ့အထက်မှာ နိုင်ငံတော်သမ္မတရှိတယ်။ သူ့အထက်မှာ အစိုးရအဖွဲ့ဆိုတာရှိတယ်။ ဒါက အုပ်ချုပ်ရေးရဲ့ ပုံစံသွားတာ။ အဲဒီတော့ ပထမစာကို ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုးပြီး ထုတ်တယ်ဆိုကတည်းက ဒါဟာ သမ္မတရဲ့ ခွင့်ပြုချက်၊ သမ္မတရဲ့ သဘောတူညီချက်၊ အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ လုပ်တဲ့လုပ်ရပ်၊ ပုံစံကျတဲ့လုပ်ရပ်လို့ ကျနော်တို့က ပြောလို့ရတယ်။ ဒါပေမယ့် ဒီလုပ်ရပ်ကို အခု ပြည်ထဲရေးဒု-၀န်ကြီးကနေပြီးတော့ ၀န်ကြီးကိုယ်စား လက်မှတ်ထိုးထုတ်လိုက်တဲ့၊ ပြန်ရုပ်သိမ်းတဲ့ ဒီစာကျတော့ သူ့ရဲ့ Legitimacy တရားဥပဒေအရ ခိုင်မာမှုဟာ အလွန်အမင်း အားနည်းသွားတယ်။ တကယ်လို့သာ ပြည်ထဲရေးဝန်ကြီးက ထုတ်လိုက်တဲ့ ကြေညာချက်ဟာ ဥပဒေနဲ့မညီလို့ မှားတယ်ဆိုရင်လည်း ကက်ဘိနက်မှာ အစည်းအဝေးမှာတင်၊ အစည်းအဝေးဆုံးဖြတ်ချက်ချ၊ ချပြီးတော့ အဲဒီအစည်းအဝေးဆုံးဖြတ်ချက်ကို Refer ရည်ညွှန်းလုပ်ပြီးတော့မှ၊ ဒီအမိန့် ဒီကြေညာချက်ကတော့ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီလို့ အစိုးရအဖွဲ့အစည်းအဝေး ပြန်ထိုင်ပြီးတော့ ဒီလိုပြန်ပြင်ပါတယ်ဆိုပြီးတော့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို Refer လုပ်ပြီးတော့ ၀န်ကြီးပဲထုတ်ထုတ်၊ ဒုတိယ၀န်ကြီးပဲထုတ်ထုတ် ဒီလိုထုတ်မှ ပုံစံကျမယ်။ အခုဟာက ကျနော်တို့လေ့လာလိုက်တဲ့အခါမှာ သူက အထင်အမြင်လွဲစရာတွေဖြစ်လို့ ဆိုတဲ့စကားမျိုး။ ဘယ်သူက အထင်အမြင်လွဲတာတုန်း။ မလိုလားအပ်သော ၀ိဝါဒကွဲပြားမှုတွေ။ ကျနော်တို့သိသလောက်တော့ ဒီဟာကို ကြိုဆိုနေကြတာပဲရှိတယ်။ သို့သော် ဌာနအတွင်းမှာရှိတဲ့၊ ပြည်ထဲရေးဝန်ကြီးလက်အောက်မှာရှိတဲ့လူတွေက၊ အရပ်သားဝန်ကြီးချုပ်ရဲ့ အုပ်ချုပ်မှုကို မခံချင်တဲ့ ၀န်ထမ်းတွေက ပြန်ပြောလို့ ၀ိဝါဒကွဲရင်တော့ ကျနော်မသိဘူး။ ပြည်သူဘက်ကတော့ ပထမအမိန့်ကို လုံးဝကျေနပ်တယ်၊ လက်ခံတယ်။ သို့သော် အဲဒီအမိန့်ကို နာခံရမယ့် ၀န်ထမ်းတွေက သူတို့အနေနဲ့ အရပ်သားရဲ့အမိန့်ကို မနာခံနိုင်ဘူး၊ သူတို့ဟာ စစ်ဗိုလ်တွေဖြစ်တဲ့အတွက် စစ်သားအမိန့်ပဲ နာခံချင်တယ်၊ စစ်ဗိုလ်အမိန့်ပဲ နာခံချင်တယ်ဆိုပြီး ပြန်ပြောလို့ ၀ိဝါဒကွဲသလား အဲဒါတော့ ကျနော် မပြောတတ်ဘူး။ သို့သော် သူတို့က ၀ိဝါဒကွဲတယ်လို့ပြောတယ်။ အဲဒီတော့ ကျနော်တို့ဘက်က ကြည့်တယ်၊ ကျနော်တို့ဆိုတာ ဥပဒေပညာရှင်အနေနဲ့ ကြည့်တဲ့အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပေတံနဲ့ ကျနော်တို့က တိုင်းတယ်။ သူပြတဲ့အကြောင်းပြချက်က ပုဒ်မ ၂၆၀ ကို ပြောတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၀ အရ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရရုံးဟာ၊ တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟာ ဒါ အစိုးရရုံးပဲ။ ဒါဟာ ရုံးနေရာ၊ ဖွဲ့စည်းပုံကိုပဲ ပြောတာ၊ လုပ်ပိုင်ခွင့်အာဏာနဲ့ မပတ်သက်ဘူး။ လုပ်ပိုင်ခွင့်အာဏာနဲ့ပတ်သက်ပြီး ပြောရရင်တော့ ကျနော် စောစောကပြောသလို ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေဟာ ဒီပြည်နယ်အတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေဖြစ်တယ်။ သူတို့ဟာ နိုင်ငံတော်သမ္မတကို တိုက်ရိုက်တာဝန်ခံရတယ်။ နိုင်ငံတော်သမ္မတဆိုတာ နိုင်ငံတော်ရဲ့ အကြီးအကဲလည်းဖြစ်တယ်။ အစိုးရအဖွဲ့ရဲ့ အကြီးအကဲလည်းဖြစ်တယ်။ အဲဒီတော့ ဒီလမ်းကြောင်းက သပ်သပ်သွားနေတယ်။ အဲဒီတော့ ဒီလမ်းကြောင်းကို ပံ့ပိုးတဲ့ ပထမ ကြေညာချက်ကို ဒုတိယကြေညာချက်နဲ့ ဖြတ်လိုက်တဲ့အခါကျတော့ နိုင်ငံတော်သမ္မတရဲ့ တိုင်းပြည်အပေါ် တာဝန်ခံမှု၊ ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်တွေရဲ့ တိုင်းပြည်အပေါ် တာဝန်ခံမှုဟာ သူတို့ကို တာဝန်ပဲ ခံခိုင်းပြီးတော့ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ပြည်ထဲရေးက ပြန်ထိန်းချုပ်လိုက်တဲ့သဘောပဲ ဖြစ်သွားတယ်။ မေး - မနှစ်နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်သူတွေက မျှော်လင့်တကြီးနဲ့ မဲပုံအောပေးခဲ့တယ်။ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း အခု ခရီးစဉ်မှာ သိပ်ပင်ပန်းတယ်ဆိုပြီး လူထုက သနားချစ်နဲ့ ပြောနေကြတယ်။ ဒီလိုခေါင်းဆောင်တယောက် နိုင်ငံမှာရှိထားတဲ့ကာလ၊ အင်မတန်တန်ဖိုးရှိတဲ့ကာလလို့ ပြောလို့ရပါတယ်။ ဒီလိုကာလမှာ အပြောင်းအလဲမလုပ်နိုင်ရင်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုင်ပြီး အုပ်ချုပ်ရေးအာဏာကို ပြည်ထဲရေးက ထိန်းချုပ်မယ်ဆိုရင် မဲဆန္ဒရှင်တွေက နိုင်ငံရေးပါတီတွေအပေါ် မျှော်လင့်ချက်တွေ၊ ဒေါ်အောင်ဆန်းစုကြည် ခေတ်လွန်ကာလတွေမှာ ဘယ်လိုဖြစ်နိုင်လဲ။ စိုးရိမ်ဖွယ် ကောင်းမနေဘူးလား။ ဖြေ - ကောင်းပါတယ်။ ကျနော်တို့ဗမာနိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်  စစ်အုပ်ချုပ်ရေးအောက်ကို ပုံစံမျိုးစုံနဲ့ ကျရောက်ခဲ့ပြီးတော့ ဒီနေ့ ကမ္ဘာပေါ်မှာ အင်မတန်မှ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့၊ ဆင်းရဲတဲ့အဆင့်ကို ရောက်သွားပြီ။ အဖြေက ကံမကောင်းလို့မဟုတ်ဘူး။ အုပ်ချုပ်မှုစနစ် ညံ့ဖျင်းလို့။ တပ်မတော်က တပ်မတော်ရဲ့အလုပ်ကို မလုပ်ဘဲ တိုင်းပြည်အုပ်ချုပ်ရေးကို ၀င်ပြီးတော့လုပ်လိုက်လို့ ကျနော်တို့တိုင်းပြည်ဟာ အဘက်ဘက်က နိမ့်ကျသွားတယ်။ ဒါကိုပြင်ဖို့ ကျနော်တို့ အကြီးအကျယ်ကြိုးစားတယ်။ အချိန်အများကြီးပေးခဲ့ရတယ်။ ပြီးတော့ အသက်တွေ၊ သွေးတွေလည်း တော်တော်များများ ပေးခဲ့ရတယ်။ စီးပွားရေးအရ ဆုံးရှုံးနစ်နာသွားတဲ့အပြင်၊ အဘက်ဘက်က ဆုံးရှုံးနစ်နာသွားတဲ့အပြင် လူတွေရဲ့အသက်တွေ၊ သွေးတွေတောင် တော်တော်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီတော့ တပ်မတော်ကနေပြီးတော့ တပ်မတော်က တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးမှာ ဆက်ပါနေတာ မကောင်းဘူးဆိုတာကို သဘောပေါက်လို့ အရပ်သားအုပ်ချုပ်ရေးကို ပြောင်းမယ်ဆိုပြီးတော့၊ ၂၀၀၈ ဖွဲ့စည်းပုံလည်း သူတို့ပဲရေးတာ။ ဒါပေမယ့် ၂၀၁၅ မှာ ပြည်သူလူထုက လုံးဝအရပ်သားအစိုးရပုံစံ ပေါ်ပေါက်လာအောင် အန်အယ်လ်ဒီကို မဲအပြည့်အ၀ပေးလိုက်တဲ့ အချက်ဟာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတခုဘက်ကို ဦးတည်စေတယ်။ နောက်တခု ကိုအေးနိုင်မေးခွန်းထဲမှာပါသလို ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၁ နှစ်။ အင်မတန်မှ ရိုးသား၊ အင်မတန်မှဖြောင့်မတ်ပြီး၊ တိုင်းပြည်ကို အင်မတန်ချစ်၊ အင်မတန်မှ အနစ်နာခံတယ်။ သူ့မိသားစုအားလုံးနဲ့ သူက တိုင်းပြည်ကို ပိုချစ်တဲ့စိတ်ဓာတ်နဲ့ အနာခံပြီးလုပ်ခဲ့တယ်။ အဲဒီတော့ လူထုရဲ့ အပြည့်အ၀ ထောက်ခံမှုရတယ်။ နိုင်ငံတကာရဲ့ ထောက်ခံမှုရတယ်။ တပ်မတော်သားတွေကလည်း ကျနော်ထင်တယ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်။ ဘာကြောင့်တုန်းဆိုတော့ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီကို တပ်မတော်က မဲအများကြီးပေးတယ်။ တချို့တပ်မတော်သားများတဲ့နေရာမှာတောင် အန်အယ်လ်ဒီနိုင်တယ်ဆိုတာ ဒါ တပ်မတော်သားတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်ဆိုတဲ့အချက်။ အဲဒီတော့ ဒီအခွင့်အရေးကို ကိုအေးနိုင်ပြောသလိုပေါ့နော် ဒီအခွင့်ကောင်းကိုယူပြီးတော့ အပြောင်းအလဲကို လုပ်မယ်ဆိုရင် ကျနော်တို့ကျနေတဲ့ Image။ ကျနော်တို့တိုင်းပြည်ရဲ့ ကျဆုံးနေတဲ့ပုံရိပ်၊ တပ်မတော်ပေါ်မှာ ပြည်သူလူထုကကော၊ နိုင်ငံတကာကရော အထင်သေးနေတဲ့၊ အထင်လွဲနေတဲ့ အနေအထားတွေဟာ အားလုံးပြောင်းပြန်ဖြစ်သွားမယ်။ အခု လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသလို တပ်မတော်ခေါင်းဆောင်တွေကလည်း တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်သွားနေတဲ့ ပြုပြင်ပြောင်းလဲရေးကို ပြည့်ပြည့်၀၀သာ တပ်မတော် ခေါင်းဆောင်များက ပံ့ပိုးပေးမယ်ဆိုရင် ကျဆုံးနေတဲ့ တပ်မတော်ရဲ့ပုံရိပ်လည်း ချက်ခြင်းပြန်တက်လာမယ်။ ကျနော်တို့ဗမာတွေက မေ့လွယ်တယ်၊ ပျောက်လွယ်တယ်နော်။ ဘယ်လောက်ပဲနှိပ်စက်ခဲ့၊ နှိပ်စက်ခဲ့ နည်းနည်းလေးကောင်းပြတာနဲ့ ကျနော်တို့က ချက်ခြင်းပုခုံးဖက်မှာပဲ။ ကျနော်တို့လက်ခုပ်တီးပြီး လက်ခံမှာပဲ။ အဲဒီတော့ တပ်မတော် ကျဆုံးနေတဲ့ ပုံရိပ်လည်း ပြန်မြင့်တက်လာမယ်၊ တပ်မတော်နဲ့ ပြည်သူလူထုကြားထဲမှာ ဟနေတာလည်း ပြန်စေ့သွားမယ်။ တိုင်းပြည်ကြီး အဘက်ဘက်က နိမ့်ကျနေတာဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ ညီညီညွတ်ညွတ်နဲ့ နောက်ကနေ ပါဝင်ပံ့ပိုးမယ်ဆိုရင် အချိန်တိုတိုအတွင်းမှာ ကျနော်တို့က ပြန်ပြီးတော့ ဖွံ့ဖြိုးတိုးတက်သွားလိမ့်မယ်။ ဒီအခွင့်အရေးကို ကျနော်တို့အားလုံး အမိအရ ယူသင့်တယ်။ တကယ်လို့ မယူရင် ဘာဖြစ်မလဲ ခင်ဗျားမေးခွန်းမှာ ပြည်သူလူထုဘက်က တုံ့ပြန်လာမှာပဲ။ ဘာဖြစ်လို့တုန်းဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ မှာလည်း တောက်လျှောက်တုံ့ပြန်နေတာပဲ။ တိုင်းပြည်အာဏာရဲ့ပိုင်ရှင်ဟာ ပြည်သူ။ ပြည်သူတွေပဲ စီမံခန့်ခွဲမယ်၊ ပြည်သူရွေးတဲ့လူကပဲ တိုင်းပြည်ကို အုပ်ချုပ်ရမယ်ဆိုတာ ပြည်သူလူထုရဲ့ သဘောထားခံယူချက်၊ တသက်လုံး ပြောင်းမှာမဟုတ်ဘူး။ အဲဒီတော့ ဒီအခြေအနေကို ဆန့်ကျင်နေမယ်၊ ကန့်ကွက်နေမယ်ဆိုရင်၊ အနှောင့်အယှက်ပေးနေမယ်ဆိုရင်၊ ပြည်သူလူထုကို ဆန့်ကျင်တာ၊ ပြည်သူလူထုကို နှောင့်ယှက်တာ ဖြစ်တဲ့အတွက် ပြည်သူလူထုကလည်း တုံ့ပြန်လာမှာပဲ။ အခုမျှော်လင့်ချက်နဲ့ ငြိမ်နေပေမယ်လို့ သူတို့လိုလားချက်မဖြစ်ဘူး၊ သူတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံ မဖြစ်ဘူးဆိုရင် အကုန် လမ်းပေါ်ပြန်ရောက်လာမှာပဲ။ အဲဒီအခါကျတော့ ဘယ်သူမှလည်း ထိန်းလို့ရမှာ မဟုတ်ဘူး။ ကျနော်တို့က ဒါမျိုးကို မလိုချင်တော့ဘူး။ တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းလေးနဲ့ တဆင့်ပြီးတဆင့် ပြောင်းသွားတာကို လိုချင်တယ်။ အဲဒီတော့ တဆင့်ပြီးတဆင့် ပြောင်းဖို့ဆိုရင် ပြည်သူလိုလားတဲ့ အပြောင်းအလဲကို တပ်မတော်က နောက်က ကောင်းကောင်းကြီးကို ပံ့ပိုးထောက်ခံပြီးတော့ လုပ်ပေးရလိမ့်မယ်။ တိုင်းပြည်ကို နောက်ပြန်ဆွဲနေရင်တော့ ပြည်သူကို လမ်းပေါ်တက်ဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ ဖြစ်သွားလိမ့်မယ်။   ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024