ရေခဲသေတ္တာထဲက ၆ ပိုင်းပိုင်းထားသည့် လူသေအလောင်းဟာ အရှေ့ဥရောပလူမျိုး ဖြစ်နိုင်

ဓာတ်ပုံ - BangkokPost
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပတ်စပို့အတုနဲ့ မူးယစ်ဆေးဝါးဂိုဏ်း ဖမ်းဆီးမှုအတွင်း တွေ့ရှိတဲ့ ရေခဲသေတ္တာထဲက ၆ ပိုင်း ပိုင်းထားတဲ့ လူသေအလောင်းဟာ အရှေ့ဥရောပရဲ့တောင်ပိုင်းက နိုင်ငံခြားသားဖြစ်မယ်လို့ ချူလောင်လောင်ကွန်းဆေးရုံရဲ့ ရာဇဝတ်မှုဖြေရှင်းရာဆိုင်ရာ စစ်ဆေးရေးကျွမ်းကျင်သူတွေရဲ့အဆိုအရ သိရပါတယ်။ ဆေးရုံရဲ့ စစ်ဆေးရေးကျွမ်းကျင်သူ ခေါင်းဆောင် အူဒွမ်စက်က်ဟွန်ဝီဂျစ်က ဒီရုပ်အလောင်းဟာ အရှေ့ဥရောပကနိုင်ငံခြားသားတဦးဖြစ်ပြီး အသက် ၄၀ နဲ့ ၅၀ အကြား ဟန်ဂေရီလူမျိုး တဦးဖြစ်နိုင်တယ် အရပ်ကတော့ ၁၇၉.၅ စင်တီမီတာမြင့်တယ်လို့ ပြောခဲ့တာပါ။ သေသူအလောင်းရဲ့ သွားကို စစ်ဆေးခြင်း၊ CT စကန်စစ်ဆေးခြင်း၊ ရှေးရိုးနည်းအတိုင်း အလောင်းအား ခွဲစိတ်စစ်ဆေးခြင်း၊ မျိုးရိုးဗီဇနဲ့ တစ်ရူးတွေ စစ်ဆေးကြည့်တာကို အခြေခံပြီး သူတို့ဒီလိုခန့်မှန်းခဲ့တာလို့ ဒေါက်တာအူဒွမ်စက်က ပြောပါတယ်။ ဒေါက်တာအူဒွမ်စက်က်ရဲ့ပြောဆိုချက်အရတော့ တစ်ရူးတွေကို စစ်ဆေးကြည့်မှုအရ ဘာလို့ သေတယ် ဆိုတာ ခုထိအတည်မပြုနိုင်သေးပေမယ့် သေသူဟာ အောက်ဆီဂျင်မရှိလို့ ဒါမှမဟုတ် မူးယစ်ဆေးဝါးသုံးစွဲလို့ သေဆုံးတာဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီ ၆ ပိုင်းပိုင်းထားတဲ့ လူသေအလောင်းဟာ ရေခဲသေတ္တာထဲမှာ အချိန်အကြာကြီး အေးခဲ ထားတာကြောင့် ရာဇဝတ်မှုဖြေရှင်းရေးဆိုင်ရာ စစ်ဆေးရေးကျွမ်းကျင်သူအဖွဲ့အနေနဲ့ ဒီလူ ဘယ်အချိန်မှာ သေခဲ့တယ်ဆိုတာ မခန့်မှန်းနိုင်ကြပါဘူး။ စစ်ဆေးရေးအဖြေတွေကိုတော့ ပရာခနွန် စုံစမ်းစစ်ဆေးရေးရဲတွေကို ပို့လိုက်တယ်လို့ ဒေါက်တာအူဒွမ်စက်က်က ပြောခဲ့ပါတယ်။ ဦးဆုံးစုံစမ်းမှုတွေအရ ဒီအလောင်းကိုထည့်တဲ့ ရေခဲသေတ္တာကို ဂိုဏ်းခေါင်းဆောင်က လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်ကဝယ်ခဲ့တာဖြစ်တယ် ဒီအလောင်းကလည်း လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်လောက် ကတည်းက ဒီရေခဲ့သေတ္တာထဲကို ထည့်ထားတာ ဖြစ်နိုင်တယ်လို့သိရပါတယ်။ ရဲတွေထင်မြင်တာကတော့ ဒီသေဆုံးသူဟာလည်း ဒီပတ်စပို့အတုဂိုဏ်းနဲ့ဆက်စပ်နေတယ် ဒီလူဟာ သတ်ခံရတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေးရဲတွေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကပြောတာတော့ ဒီပတ်စပို့အတုနဲ့ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်ဟာ လွန်ခဲ့တဲ့ လအနည်းငယ်က သေဆုံးခဲ့တဲ့ သူ့သူငယ်ချင်းနဲ့ ပူးပေါင်းပြီး ဒီလူကို အကြွေးကြောင့် သတ်လိုက်တယ်ဆိုတာ ဝန်ခံထားတယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up