ဘန်ကောက် ဈေးတခုကို ရဲများဝင်စီး၊ အလုပ်သမားများ ထွက်ပြေး (ရုပ်သံ)

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က ဈေးတခုကို ရဲတွေဝင်စီးနေချိန်မှာ ရဲတွေလက်ကနေ ရွှေ့ပြောင်းအလုပ်သမားတွေ ထွက်ပြေးခဲ့ကြပါတယ်။ စက်တင်ဘာ ၂၇ ရက်က ဈေးထဲကနေ ဖမ်းမိတဲ့ လူ ၁၄ ဦးဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမားတွေဖြစ်ပြီး စာရွက်စာတမ်းတွေမရှိဘဲ နေသူတွေဖြစ်လို့ တိုင်းပြည်ထဲ တရားမဝင် ခိုးဝင်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းတွေဆီက အလုပ်အကိုင်တွေကို ခိုးယူတယ်လို့ပြောရင်း ထိုင်းအစိုးရဟာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းနေပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်ရေး ခံစားချက်တွေ မြင့်လာမှာကို စိုးရိမ်နေကြတာပါ။ ဈေးထဲကဖမ်းလာတဲ့ တချို့လူတွေက ထိုင်းနိုင်ငံထဲမှာ နေထိုင် အလုပ်လုပ်ခွင့် စာရွက်စာတမ်းတွေ ရှိကြပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်ဖယ်ထားတဲ့ အလုပ်တွေကို လုပ်နေကြတယ်လို့ အစိုးရက ဆိုပါတယ်။ ထိုင်းအစိုးရဟာ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ နားလည်မှုစာချွန်လွှာရှိပြီး ရွှေ့ပြောင်းလုပ်သားတွေဟာ သန့်ရှင်းရေးနဲ့ဆိုင်တဲ့ အလုပ်တွေမှာ အလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ ကန့်သတ်ထားတယ်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောပါတယ်။ ဒါပေမယ့် လုပ်သားအဖြစ်မလုပ်ဘဲ ဈေးသည်အဖြစ် လုပ်ကိုင်နေတယ်လို့ အလုပ်သမားဌာန အရာရှိ ချိုင်တက် နာနာကွန်က ပြောပါတယ်။ ထိုင်းနိုင်ငံဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေက စပြီး စီးပွားတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ခဲ့လို့ မဲခေါင်မြစ်ဝှမ်းဒေသတလွှားက ရွှေ့ပြောင်းလုပ်သားတွေကို ဆွဲဆောင်ခဲ့တာပါ။ ထိုင်းတွေမလုပ်ချင်တဲ့ ငါးလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်းတွေမှာ ရွှေ့ပြောင်းလုပ်သားတွေက ဝင်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံစီးပွားရေးဖွံ့ဖြိုးနှုန်းဟာ ၂၀၁၄ မှာ ၀ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ၂၀၁၅ မှာ ၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ၂၀၁၆ မှာတော့ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေ လိုအပ်နေဆဲလို့ အသိအမှတ်ပြုပေမယ့် စည်းကမ်းအတိုင်း ထားဖို့လိုတယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သား ၃ သန်းကျော်ရှိပြီး အများစုက မြန်မာနိုင်ငံက ဖြစ်တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (IOM) က ပြောပါတယ်။ လောလောဆယ်မှာ ဈေးတွေ၊ ကုန်တိုက်တန်းတွေ၊ စားသောက်ဆိုင်တွေနဲ့ စူပါမားကတ်တွေကို ပစ်မှတ်ထား  စီးနင်းရှာဖွေနေတာပါ။ စက်တင်ဘာ ၁ ရက်ကနေ ၂၆ ရက်ကြားမှာ ရွှေ့ပြောင်းလုပ်သား ၁၅၃ ယောက်ကို ဖမ်းခဲ့ပြီးပြီလို့ အလုပ်သမားဌာနက ဆိုပါတယ်။ ဖမ်းမိသူတွေဟာ ထောင်ဒဏ် ၅ နှစ်နဲ့ ငွေဒဏ် ဘတ် ၃၀၀၀ ဒါမှမဟုတ် မူရင်းနိုင်ငံကို ပြန်ပို့တာတွေ ရင်ဆိုင်ရနိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up