Home
ဆောင်းပါး
စစ်ကြောင့် ကြွေတဲ့ တောင်တန်းမျက်ရည်
DVB
·
September 29, 2016
“သေနတ်သံတွေကြားတော့ ထွက်ပြေးကြရတယ်။ အဲ့ဒီမှာ အန်တီလည်း ထွက်ပြေးရတယ်။ အန်တီ့မှာက ငယ်ငယ်က ဆေးထိုးမှားထားတဲ့အတွက် ခြေထောက်တစ်ဖက်က မသန်တော့ အခက်အခဲဖြစ်တာပေါ့”လို့ အသက် ၄၀ ကျော်အရွယ်ရှိတဲ့ ရှမ်းတိုင်းရင်းသူကြီး ဒေါ်သောင်းခင်က ပြောပါတယ်။ ဒေါ်သောင်းခင်ကို ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး သူက ကျောက်မဲနဲ့ မနီးမဝေးမှာရှိတဲ့ တော့ဆန်ရွာဇာတိ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လေးတန်း ကျောင်းသား သားငယ်လေးနဲ့အတူ ကျောက်မဲမြို့ပေါ်မှာ အိမ်ခန်းကျဉ်းကျဉ်းလေး ငှားနေရင်း အမျိုးသားဖြစ်သူရဲ့ ၀င်ငွေတခုတည်းနဲ့ မိသားစု စားဝတ်နေရေးအတွက် ရပ်တည်နေရသူ တဦး ဖြစ်ပါတယ်။ “တိုက်ကြ ခိုက်ကြတော့ ကလေးငယ်တွေဆိုလည်း သိပ်ကို အခက်အခဲနဲ့ ဆုံရတယ်။ စစ်ကဖြစ်နေတော့ ထမင်းကလည်း မချက်ရ၊ မစားရ။ လူကြီးတွေက မစားရလည်း ဘာမှ မဖြစ်ပေမယ့် ကလေးတွေကတော့ ဗိုက်ဆာလို့ ငိုကြတယ်”လို့ ဒေါ်သောင်းခင်က ရီဝေတဲ့ မျက်ဝန်းတွေနဲ့ အဝေးကို ငေးမောရင်း ပြောရှာပါတယ်။ ဒေါ်သောင်းခင်ရဲ့ မျက်ဝန်းတွေကတော့ မျှော်လင့်ချက် အလင်းရောင်တွေ မှေးမှိန်လွန်းလှပါ တယ်။ အသက်လေးဆယ်ကျော် ငါးဆယ်ဝန်းကျင်ဆိုပေမယ့်လည်း သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကို ကြည့်မယ်ဆိုရင် ရှိနေတဲ့ အသက်ထက် ပိုပြီး အိုမင်းတယ်လို့ ထင်ရမှာပါ။ “ဗိုက်ဆာတော့ အဲ့ဒီမှာ ကလေးတွေက ငို၊ ကလေးတွေ ငိုတော့ လူကြီးတွေက ပေးမငိုခိုင်းဘဲ အသံကြားရင် ပစ်ခံရမှာစိုးလို့ ကလေးတွေ ပါးစပ်ကို လက်ဝါးနဲ့ပိတ်ပြီး သားသမီးလေးတွေအတွက် မိဘတွေက လူကြမ်းကြီး ဖြစ်ခဲ့ရတယ်လေ” လို့လည်း စကားသံဝဲ၀ဲနဲ့ ဆက်ပြောတယ်။ တော့ဆန်ဆိုတဲ့ရွာက အရင်က စည်ကားတဲ့ ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီး အဓိက လက်ဖက် စိုက်ပျိုးရေးနဲ့ စီးပွားရေး အဆင်ပြေနေတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ တော့ဆန်ရွာမှာ စည်ကားသော ဈေးရှိတယ်။ တွဲဖက်အထက်တန်းကျောင်း ရှိတယ်။ အဲဒီကျောင်းမှာ ကျောင်းသားပေါင်း ၅၀၀ ကျော်ခန့် ပညာသင်ကြားပေးခဲ့ပါတယ်။ ဒါကတော့ ၂၀၁၅ ခုနှစ်မတိုင်မီ မကြာခင်နှစ်အပိုင်းက တော့ဆန်ရွာ ပုံရိပ်ကို ဆိုလိုတာပါ။ အဲဒီလို အခြေအနေတွေက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင် ယိုယွင်းခဲ့ တယ်လို့ ဆိုရမှာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ နေရပ်ကို စွန့်ခွာခဲ့ရတယ်။ ဒီနှစ်ဆန်း ဖေဖော်ဝါရီလလောက်မှာ နေရပ်ကို စွန့်ခွာပြီး ကျောက်မဲမြို့ပေါ်မှာ နေထိုင်ကြရတယ်။ စစရောက်ချင်းမှာ စစ်ရှောင်စခန်းတွေမှာ နေထိုင်ပေမယ့်လည်း နောက်ပိုင်းမှာ ပြန်သွားကြတဲ့သူ တွေ ရှိတာကြောင့် စစ်ရှောင်စခန်းတွေမှာ မနေတော့ဘဲ ကိုယ့်ဘာသာ အိမ်ငှားနေရတဲ့ ဒေါ်သောင်းခင်တို့လို ဒေသခံတွေ ကျောက်မဲမြို့ပေါ်မှာ အများအပြား ရှိနေပါတယ်။ ပြန်ဖို့ကလည်း တိုက်ပွဲတွေ အခြေအနေကို စိတ်မချတာကြောင့် မပြန်ရဲကြတဲ့သူတွေ ကျောက်မဲမြို့ပေါ်မှာ ရှိနေပါတယ်။ တိုက်ပွဲတွေကြောင့် နေရပ်ကို စွန့်ခွာရတယ်။ မြို့ပေါ်မှာ ကြုံရာကျပန်း လုပ်ကိုင် စားသောက် ကြတယ်။ ငှားနေရတဲ့ အခန်းကျဉ်းလေးတွေကလည်း တလကို ကျပ်သုံးသောင်းလောက် ပေးနေရတဲ့ အခန်းကျဉ်းလေးတွေပါ။ အများစုကတော့ အဲဒီလို အခန်းကျဉ်းလေးတွေနဲ့ မိသားစုလိုက် နေကြပါတယ် ဒေါ်သောင်းခင်အဖို့ တော့ဆန်ရွာမှာ နေစရာအိမ် ရှိတယ်။ ခြံရှိတယ်။ မိဘတွေ လက်ငုတ်လက်ရင်း လက်ဖက်ခြံရှိတဲ့အတွက် အလုပ်မရှား။ အခုတော့ ထိုသို့ မဟုတ်။ ခြေတစ်ဖက် မသန်တဲ့ အမျိုးသမီးတယောက် ကျည်သံ၊ အမြောက်သံတွေ ကြားတဲ့အခါတိုင်း ထော့နင့် ထော့နင့်နဲ့ အပြေးတပိုင်း သားငယ်လေးရှိရာ ကျောင်းကို ပြေးခဲ့ရတယ်။ ကျောင်းမှာ သားငယ်လေးကို ရှာခဲ့ရတယ်။ ကံမတော်လျှင် သားငယ်လေးကို မတွေ့ခင် ကျည်ဆန်နဲ့ တွေ့သွားနိုင်သည်။ သို့သော် မိဘတို့ မေတ္တာကား ကျည်အပါအ၀င် ဘယ်အရာကိုမှ မကြောက်။ သားငယ်လေးကို တွေ့ပြန်တော့ ချီပိုးပြီး ထော့နင့်နင့် ဖြစ်နေတဲ့ ခြေတဖက်နှင့် ပြေးရခဲ့ရသည်။ အကြိမ်ကြိမ်လည်း ပြေးခဲ့ဖူးတယ်။ ဒီလိုအဖြစ်တွေကို မခံစားနိုင်တော့တာနဲ့ပဲ ဒေါ်သောင်းခင် တော့ဆန်ဆိုတဲ့ မွေးဖွားရာ ဇာတိမြေလေးကို နီးလျက်နှင့် အဝေးက လှမ်းမျှော်ရင်း ရေမြေရပ်ခြားမှာ ဆင်းရဲဒုက္ခနဲ့ မွန်းမွန်းကျပ်ကျပ် နေရတဲ့ ဘ၀ကို တွယ်ကပ်နေရတာလို့ ရှမ်းတောင်တန်းကြီးတွေကို ငေးကြည့်ရင်းက ခပ်ဖြည်းဖြည်း ဆိုတယ်။ အချို့တွေ ရွာကို ပြန်သွားကြပေမယ့် သူတို့တွေ ဘာကြောင့် မွေးရပ်မြေကို လွမ်းပြီး ခက်ခက်ခဲခဲ ရပ်တည်နေကြတာလည်း ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်သောင်းခင်နဲ့ အိမ်နီးချင်း အတူနေခဲ့သည့် တော့ဆန်ရွာကနေ ကျောက်မဲမြို့ပေါ် စစ်ရှောင်ရင်း အခြေချနေသူ မအေးအေးသင်းကလည်း “ရွာမှာက ခု ငြိမ်းချမ်းလိုက်၊ တော်ကြာနေ ပစ်ခတ်ကြနဲ့ ဆိုတော့ ဘယ်တော့ ပြန်ပစ်ကြမလဲ၊ ရွာကလူတွေ ဘယ်လို ပြေးကြရမလဲ။ ပုန်းကြရမလဲဆိုတာ မပြောနိုင်ဘူးလေ။ ရွာကို မပြန်ရဲသေးတဲ့ အဓိက အကြောင်းက အဲ့ဒါပဲ” လို့ ဆိုပါတယ်။ ဒေါ်သောင်းခင်တို့၊ မအေးအေးသင်းတို့လို ရှမ်းတိုင်းရင်းသား တိုင်းရင်းသူ တအာင်း၊ ပလောင် တိုင်းရင်းသား တိုင်းရင်းသူများ အများအပြားရဲ့ ဘ၀တွေကိုပင် စစ်က နင်းခြေနပါတယ်။ သူတို့ ဘယ်တော့ အိမ်ပြန်ရမလဲ။ ကျောက်မဲမြို့မှာ ပရဟိတလုပ်ငန်းတွေ လုပ်နေတဲ့ ဒေသခံ တစ်ဦးက “ဒီလိုအရာတွေ၊ ဒီလို လူတွေ ဒီလို သွေးချင်းသားရင်း တိုင်းရင်းသား ညီအကိုတွေရဲ့ မျက်ရည်တွေကို လက်တွေ့မြင်ရတော့ စစ်ဆိုတာ ဘာလဲ။ စစ် ဘာကြောင့် တိုက်နေကြတာလဲ။ ဘာဖြစ်ဖြစ် စစ်ဆိုရင် ကာကွယ်ရေးပဲ ဖြစ်ဖြစ် တော်လှန်ရေးပဲ ဖြစ်ဖြစ် မသိချင်တော့ဘူး” လို့ သူ့ခံစားချက်ကို ဆိုပါတယ်။ “စစ်ဆိုတာ ဘာကြောင့်ပဲ တိုက်တိုက် သေကြ ပျက်စီးကြတာပဲလေ “ လို့လည်း ၄င်းက ဆက်ပြောပါတယ်။ အဲဒီလို စစ်ရှောင်လာတဲ့သူတွေ ဘာတွေ လိုအပ်သလဲ။ ကိုယ့်ဒေသမှာ ပြန်နေချင်တာက သူတို့ရဲ့ အဓိက ဖြစ်နေတဲ့ လိုအပ်ချက်ပဲလို့ စစ်ရှောင်ပြည်သူတွေကို အနီးကပ် ကူညီနေတဲ့ ကျောက်မဲမြို့ ဇီဝိတလူမှုရေးအသင်း ခေါင်းဆောင် ဦးတင်မောင်သိန်းက ဆိုပါတယ်။ “အဓိက စစ်ဘေးရှောင်လာတဲ့ သူတွေအနေနဲ့ ဘာတွေ လိုအပ်လဲ ဆိုရင် နေရေး စားရေး ၀တ်ရေး အခက်အခဲတွေလို့ အပေါ်ယံ မြင်နိုင်တယ်။ ဒါပေမယ့် သူတို့တွေ အဓိကလိုအပ်တာ အဲ့ဒါတွေ မဟုတ်ဘူး။ ကိုယ့်ဒေသကို ကိုယ် ပြန်နေချင်တာဟာ သူတို့ရဲ့ အဓိက လိုအပ်ချက်ပဲ” လို့ ၄င်းက ပြောပါတယ်။ “သူတို့တွေ နေရပ်ကို ပြန်ချင်ကြတာကို လေ့လာမိတယ်။ သူတို့တွေမှာ မိဘ ဘိုးဘွားတွေ ခေါင်းချရာ လက်ဆင့်ကမ်းခဲ့ရာ အလုပ်အကိုင်တွေနဲ့ သူတို့ဓလေ့တွေကို သူတို့ မြတ်နိုးကြတာ တွေ့ရတယ်။ ဘယ်သူမဆို ကိုယ့်ဒေသလောက် အေးချမ်းပျော်မွေ့စရာကောင်းတဲ့ နေရာ ရှိပါ့မလားဆိုတာ ကိုယ်ချင်းစာမိပါတယ်” လို့လည်း ဦးတင်မောင်သိန်းက ဆိုပါတယ်။ တိုက်ပွဲတွေ မရပ်စဲနိုင်ဘဲ ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် နောက်ထပ် တောင်တန်းသားတို့အတွက် ပေးဆပ်ရမှု မျက်ရည်တွေ ပင်လယ်ဝေကြရတော့မှာ ဖြစ်ပါတယ်။ စစ်ပွဲဟာ ဆိုးကျိုးတွေကိုသာ ပေးတယ်လို့ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် စစ်သားတစ်ဦးဘ၀နဲ့သာ နေခဲ့ရတဲ့ တိုင်းရင်းသားလက်နက်ကိုင် စစ်သားတစ်ဦးက “ဆရာဝန်၊ ဆရာမတွေလည်း စစ် ခဏခဏ ဖြစ်နေတဲ့ ဒီလို အညိုရောင်ဒေသကို မလာချင်ကြဘူးလေ။ ပြီးတော့ ရွေးကောက်ပွဲတုန်းကလည်း စစ်ကြောင့် ဒီဒေသမှာ မကျင်းပခဲ့ရဘူး။ ဒီတော့ ကိုယ်စားလှယ် မရခဲ့ဘူး။ လွှတ်တော်ထဲမှာလည်း ကျွန်တော်တို့ ဒေသ အကြောင်းအရာတွေ မရောက်နိုင်တော့တဲ့ အခြေအနေထိ ဆုံးရှုံးခဲ့တယ်” လို့ ဆိုပါတယ်။ လတ်တလော အခြေအနေ ဆိုရင်တော့ စက်တင်ဘာလဆန်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးမတိုင်မီ ကပ်လျက် ရက်ပိုင်းမှာပင် တော့ဆန်မှာ တိုက်ပွဲဖြစ်ခဲ့တာ မဟုတ်ပါလား။ အဲဒါကြောင့်လည်း စက်တင်ဘာလအတွင်းမှာပဲ ကျောက်မဲကို ပြောင်းလာတဲ့ ကျောင်းသား ကျောင်းသူတွေလည်း ရှိပါတယ်။ တိုက်ပွဲတွေကြောင့် တော့ဆန်မှာ စာသင်ဖို့ အခက်အခဲ ရှိနေလို့ အချို့ကျောင်းသားတွေဟာ ကျောက်မဲမြို့ပေါ်မှာ စာသင်နေရတယ်။ အဲလို စာလာသင်ရတာက တန်းလုံးကျွတ် ပြောင်းလာပြီး တော့ ဆရာတွေပါ လိုက်ပါ ပြောင်းရွှေ့ စာသင်ရတာ ဖြစ်တယ်။ အဲဒီလို ကျောက်မဲမှာ တက်ပြီး စာသင်ကြတဲ့ အများစုကို မေတ္တာအိုးဝေ ပညာဒါနသင်တန်းကျောင်း၊ အောင်ဆုပန် ဘုန်းကြီးကျောင်း၊ ကျားငါးကောင် တိုင်းရင်းဆေးတိုက် အစရှိတဲ့ နေရာတွေမှာ လက်ခံထားတယ်။ အထူးသဖြင့်ကတော့ အထက်တန်းကျောင်းသားတွေနဲ့ အဋ္ဌမတန်း ကျောင်းသားတွေ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ကျောင်းဖွင့်ရာသီ အစတုန်းကတော့ ကျောင်းသားတွေ ကျောင်းတက်နိုင်ဖို့ ကျောင်းကို ပြန်ပြင်ပေးတာတွေ ရှိပါတယ်လို့ ကျောက်မဲ မဲဆန္ဒနယ် အမှတ် (၂) က ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဆိုပါတယ်။ “ကျောင်းတွေ ပြန်ဖွင့်ဖို့ ဘာအရင်လုပ်ရလဲ ဆိုတော့ ပထမဆုံး ကျဉ်ဆန်ကျထားလို့ ပေါက်နေတဲ့ ကျောင်းသွပ်မိုးတွေ” ဟု ကျောက်မဲမြို့ မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က ဆိုသည်။ ဒီလို ပြင်ဆင်တာတွေ လုပ်ခဲ့ပေမယ့်လည်း အခု စက်တင်ဘာလမှာ ပြန်ဖြစ်လာတဲ့ တိုက်ပွဲတွေကြောင့်ပဲ အချို့ ကျောင်းသားတွေ ကျောက်မဲမြို့ပေါ်  တက်လာရပြီဖြစ်ပါတယ်။ “ဒီနှစ် သီတင်းကျွတ်ရင် တောင်ပေါ်ကို ပြန်မှာ။ တောင်ပေါ်မှာ ပျော်စရာကောင်းတယ်လေ။ အိုးစည်တွေ တီးကြတယ်။ ဘုန်းကြီးကျောင်းမှာ မုန့်တွေလည်း အများကြီး ပျော်စရာကောင်းတယ်” လို့ လေးတန်းအရွယ် ကျောင်းသားငယ်လေးတစ်ဦးက ဆိုတာပါ။ ဒါပေမယ့် သူ့မိဘနှစ်ပါးက ရွာတွင် ရှိမနေ။ အိမ်နီးချင်း တိုင်းပြည်တခုတွင် စီးပွားရှာနေကြတဲ့သူတွေ ဖြစ်တယ် ဆိုတာကိုတော့ သူတို့တွေ ပညာသင်ကြားရေးအတွက် ကူညီပေးနေတဲ့ ဘုန်းကြီးတပါးက ဆိုပါတယ်။ ဒါပေမယ့်လည်း ကလေးငယ်က မိဘတွေ ရွာမှာ ရှိမနေတာကို မသိပါဘူး။ တော့ဆန်ရွာနဲ့ အနီးတစ်ဝိုက်ရွာတွေမှာ အရင်က ရှမ်းရိုးရာ ရှမ်းအိုးစည်သံတွေနဲ့ တန်ဆောင်တိုင် လပြည့်ည၊ သီတင်းကျွတ် လပြည်ညတွေဆိုလျှင် ပျော်ရွှင်ကြည်နူးဖွယ်အတိ ရှိနေခဲ့တယ်လို့ အသက်လေးဆယ်ကျော်အရွယ် ရှမ်းတိုင်းရင်းသား တဦးက ဆိုပါတယ်။ “ရိုးရိုးလေးတွေးတွေး၊ ဆန်းဆန်းပဲတွေးတွေး စစ်က ကျွန်တော်တို့ ပြည်နယ်အတွက် ဘာကောင်းကျိုးပေးလဲ ခုထိ ကျွန်တော် မသိသေးဘူး။ စစ်ဖြစ်ရင် အချင်းချင်း အတူနေလာတာကြာပြီဖြစ်တဲ့ အတူနေ တိုင်းရင်းသားတွေပဲ အတူတူ သေကုန်တယ်။ ကြားထဲက ကျွန်တော်တို့တွေလဲ ဒုက္ခရောက်ကြရတာပဲ” လို့ ကျောက်မဲမြို့ကို လာနေတဲ့ တော့ဆန်ရွာက တအာင်းတိုင်းရင်းသားတစ်ယောက်ကလည်း ပြေပါတယ်။ ဒေါ်သောင်းခင် ရင်ထဲက ပြောချင်နေတဲ့ စကားသံတွေကတော့ “စစ်မတိုက်ကြပါနဲ့၊ ညီအကိုအချင်းချင်း ချစ်ချစ်ခင်ခင် နေကြပါလို့ စစ်သားတွေကို အကြီးကနေ အငယ်ကို ဆုံးမသလို ပြောချင်တယ် ” လို့ ဆိုပါတယ်။ စစ်သည် စီးပွားကို ခြွေလေပြီ။ စစ်သည် လူသားအရင်းမြစ်ကို ခြွေလေပြီ။ စစ်သည် ရိုးရာထုံးတမ်း အလှအပများနဲ့ ဘိုးဘွားတို့ အမွေကို တစစီ ခြွေလေပြီ။ စစ်သည် တောင်တန်းကြီး တစ်ခုလုံးရဲ့ မျက်ရည်ကို ခြွေလေခဲ့ပြီ။ စစ်ကြောင့် ဆုံးရှုံးသွားတဲ့ အိုးအိမ် စည်းစိမ်တွေကို ပြန်ရှာလို့ ရပါတယ်။ စစ်ကြောင့် ပျက်စီးသွားတဲ့ စိုက်ခင်း စိုက်ပင်တွေကို ပြန်စိုက်လို့ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ပျက်စီးသွားသည်ကား မိဘဘိုးဘွား အမွေထားခဲ့သည့်အိမ် ဖြစ်နေပါမူ။ ပျက်စီးသွားသည်ကား မိဘ ဘိုးဘွား ခေါင်းချခဲ့သည့် နေရာ ဖြစ်နေပါမူ။ ပျက်စီးသွားသည်ကား မိဘဘိုးဘွား ချန်ထားရစ်သည့် ဓလေ့ရိုးရာ အစဉ်အလာ ဖြစ်နေကာမူ။ ပျက်စီးသွားသည်ကား မိဘဘိုးဘွား ချန်ထားခဲ့သည့် ယဉ်ကျေးမှုအမွေ စေတီပုထိုး ယုံကြည် ကိုးကွယ်ရာတွေ ဖြစ်နေပါမူ။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024