မလေးရှား MH 17 လေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရပြီး ပျက်ကျခဲ့ကြောင်း အစီရင်ခံစာထုတ်ပြန်

ဓာတ်ပုံ - ရိုက်တာ
၂၀၁၄ ခုနှစ်က ယူကရိန်းအရှေ့ပိုင်းမှာ ပျက်ကျတဲ့ မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ဟာ ရုရှားကနေ ယူကရိန်းအရှေ့ပိုင်းကို သယ်လာတဲ့ ဘတ်ခ်ဒုံးကျည်နဲ့ ပစ်ချတာခံခဲ့ရတယ်လို့ စက်တင်ဘာ ၂၈ ရက်က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ နယ်သာလန် ပြည်သူ့ရှေ့နေများရုံးက ပူးတွဲ စုံစမ်းစစ်ဆေးရေးအဖွဲ့ (JIT) က  ဒီအစီရင်ခံစာကို ဖြန့်ချိလိုက်တာပါ။ ပစ်ချချိန်က ပစ်ချတဲ့နေရာကို ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ထားပါတယ်။ ယူကရိန်းအရှေ့ပိုင်း ပေရဗိုမိုက်ခ်စ်ရွာထဲ လယ်ကွင်းကနေ ဘတ်ခ်ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာလို့ အစီရင်ခံစာက ဆိုပါတယ်။ ပစ်ခတ်အပြီးမှာ ဒုံးကျည်ပစ်စင်ကို ရုရှားနိုင်ငံဆီ ပြန်ပို့ခဲ့တယ်လို့ ကနဦး အစီရင်ခံစာက ဆိုပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တွေ့ရှိချက်ကို စိတ်ပျက်တယ်၊ စုံစမ်းစစ်ဆေးမှုက ဘက်လိုက်တယ်၊ နိုင်ငံရေးအရ အကွက်ရွှေ့တာလို့ တုံ့ပြန်ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ ရေဒါပုံရိပ်တွေ၊ ထောင်နဲ့ချီတဲ့ အပျက်အစီးတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ၊ အသံဖမ်းထားတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ ဘက်ခ်ဒုံးကျည် မောင်းဝင်လာတာကို မြင်ခဲ့တဲ့လူတွေရဲ့ ထွက်ဆိုချက်တွေ စတဲ့ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး အစီရင်ခံတာလို့ ပြောပါတယ်။ MH17 လေကြောင်းခရီးစဉ်နဲ့ ပျံသန်းတဲ့ မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း 777 လေယာဉ်ဟာ နယ်သာလန်နိုင်ငံရဲ့ မြို့တော် အမ်စတာဒမ်ကနေ မလေးရှားမြို့တော် ကွာလာလမ်ပူကို ပျံသန်းချိန်မှာ ပစ်ချခံရပြီး ပျက်ကျခဲ့တာပါ။ ဒတ်ခ်ျလူမျိုးအများစု အပါအဝင် ခရီးသည် ၂၉၈ ဦးလုံး သေဆုံးခဲ့ပါတယ်။ ယူကရိန်းဟာ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်တဲ့ အရေးပါတဲ့ သတင်းအချက်အလက်တွေကို ကွယ်ဝှက်ထားပြီး စုံစမ်းစစ်ဆေးမှုမှာလည်း ကြိုးကိုင် ချယ်လှယ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၆ ရက်မှာ ကြေညာပါတယ်။ ဒါ့အပြင် နယ်သာလန် ဘေးကင်းရေးဘုတ်အဖွဲ့ရဲ့ အစီရင်ခံစာမှာပါတဲ့ ဘက်ခ် လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ပတ်သက်တဲ့ ကောက်ချက်ကိုလည်း မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up