ကျောက်ပန်းတောင်းတွင် ကမ္ဘာလှည့်ခရီးသည်ကိုသတ်သူ သေဒဏ်စီရင်ခံရ
အေးနိုင်
·
October 26, 2011
ကမ္ဘာလှည့်ခရီးသည် ဂျပန်အမျိုးသမီး သေဆုံးခဲ့တဲ့ပြစ်မှုအတွက် တရားခံ ကိုမင်းသိုက်ကို မန္တလေးတိုင်း မြင်းခြံခရိုင်တရားရုံးက ဒီလ ၁၈ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
တရားခံ ကိုမင်းသိုက်ကို ရန်ကုန်အင်းစိန်ထောင်ကို ပို့ဆောင်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်မှာ ကျောက်ပန်းတောင်ရဲစခန်းက ဂျပန်အမျိုးသမီးအလောင်းကို ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်အကွာက တောတွင်းတနေရာမှာ တွေ့ခဲ့ပါတယ်။
အဲဒီနောက် အလောင်းကို ဆေးစစ်ရာမှာ မုဒိမ်းပြုကျင့်ပြီး သတ်လိုက်တာလို့ မြင်းခြံတရားရုံးက ဆုံးဖြတ်ခဲ့ပြီး မုဒိမ်း၊ လူသတ် နှစ်မှုအတွက် သေဒဏ်ချမှတ်တာလို့ ကျောက်ပန်းတောင်း ဆေးရုံသတင်းရပ်ကွက်က ဆိုပါတယ်။
ဒေသခံတွေအဆိုအရ အဲဒီအမျိုးသမီးဟာ ကားလက်မှတ်ဝယ်ပြီးမှ အဆိုပါ ဆိုင်ကယ်တက္ကစီသမားနဲ့ ပြောင်းလိုက်သွားတာဖြစ်ပြီး အခင်းဖြစ်တဲ့အရပ်က ရွာသူသုံးဦးက တွေ့ရှိပြီး ရွာသားတွေ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ပြီးနောက် သက်ဆိုင်ရာ အဆင့်ဆင့်ကိုအပ်ပြီး ရဲလက်ရောက်သွားတာလို့ ပြောဆိုကြပါတယ်။
သေဆုံးသူ ဂျပန်အမျိုးသမီးရော၊ တရားခံရောနှစ်ဦးစလုံး အသက် ၃၀ ခန့်အရွယ်တွေဖြစ်ကြပြီး တရားခံမှာ ဇနီးနဲ့ကလေးတဦး ကျန်ရစ်တယ်လို့ မြို့ခံက ပြောပါတယ်။
ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးက ဂျပန်အမျိုးသမီးအလောင်းကို ပြန်လိုချင်ကြောင်းနဲ့ တရားခံကို ဘယ်လိုအရေးယူမယ်ဆိုတာ စောင့်ကြည့်နေတယ်လို့ မြန်မာအာဏာပိုင်တွေကို နှစ်ချက်တောင်းဆိုခဲ့တယ်ဆိုတဲ့သတင်း ကျောက်ပန်းတောင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်၊