ပြင်ဦးလွင် လယ်သမားများ အစိုးရကို တရားစွဲတော့မည်
အေးနိုင်
·
October 26, 2011
ပြင်ဦးလွင်မြို့နယ် ညောင်ကုန်းရွာမှာ လယ်သိမ်းခံလယ်သမားတွေကို တရားရုံးမှာ စစ်ဆေးနေပြီဖြစ်သလို လယ်သိမ်းခံလယ်သမားတွေဘက်ကလည်း လယ်သိမ်းသူ အာဏာပိုင်တွေကို မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်တရားစွဲဆိုတော့မယ်လို့ လယ်သမားတွေဘက်က တရားရုံးချုပ်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။
လယ်သိမ်းခံရတဲ့ လယ်သမား ၁၀၀ ကျော်ထဲက ၃၇ ဦးကလည်း တရားပြန်လည်စွဲဆိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဦးမြင့်သွင်က ပြောပြပါတယ်။
“ယာမြေဆုံးရှုံးတာတွေ၊ သီးနှံဆုံးရှုံးတာတွေကို အားလုံးတန်ဖိုးတွေ ပေါင်း ပြီးတော့ တရားမနစ်နာမှုစွဲမှာ။ သမဝါယမ လီမိတက် ဥက္ကဋ္ဌကိုစွဲမှာ။ ရွာသားတွေ လက်မှတ်တွေထိုးနေပါပြီ။ ဆုံးရှုံးတဲ့လယ်မြေဧကတွေရယ်၊ ဆုံးရှုံးတဲ့ သီးနှံဧကတွေ၊ သီးနှံတွေကို တန်ဖိုးတွေတွက်ချက်ပြီး ပြန်စွဲဖို့အတွက် ပြင်ဆင်နေပါပြီ။ ပါဝါလွှဲပြောင်းလက်မှတ်ထိုးတာတို့ လုပ်နေပါတယ်။”
ဖြစ်စဉ်က လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်လောက်က အစိုးရ ကော်ဖီစိုက်ခင်းအတွက်ဆိုပြီး လယ်မြေဧက ၅၀၀ ကိုသိမ်းရာက စတာပါ။
ဒီနှစ်လယ်ပိုင်းမှာ ရွာသားတွေက သိမ်းထားတဲ့သူတို့လယ်ပေါ်မှာစိုက်ထားတဲ့ ကော်ဖီပျိုးခင်းအတွက် အရိပ်ရအပင်တွေကို ဖျက်ဆီးခဲ့တဲ့အတွက် လယ်သမား ၉ ဦး ဖမ်းဆီးချုပ်နှောင်ခံထားရပြီး အကျိုးပျက်စီးစေမှု၊ မီးရှို့မှုနှစ်မှုနဲ့ တရားစွဲခံရပါတယ်။
ဒီလ ၁၄ ရက်နေ့က တကြိမ်စစ်ဆေးခဲ့ပြီး မနက်ဖြန်ကျရင်လည်း ရုံးချိန်းထားတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။
ရှေ့နေဦးမြင့်သွင်ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ ရှေ့နေများကွန်ရက် အဖွဲ့ဝင်တဦးဖြစ်ပါတယ်။