Home
မြန်မာသတင်း
ဒီကေဘီအေ ဗိုလ်မှူးကြီးစောဆန်းအောင် ဆက်လက်တိုက်ပွဲဝင်နေ
နော်နိုရင်း
·
September 28, 2016
ဒီကေဘီအေ ကရင်လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောဆန်းအောင် ဒဏ်ရာရ သေဆုံးမှုရှိတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်းနဲ့ ကျန်းမာပကတိအတိုင်း ရှိနေတယ်လို့ အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးရဲထက်က ဒီဗွီဘီကို ပြောပါတယ်။ “ဗိုလ်မှူးကြီးဆန်းအောင်ရဲ့ အခြေအနေက ကောင်းပါတယ်။ ကျနော်အတည်ပြုပါတယ်။ ဒဏ်ရာလည်းမရပါဘူး။ အဆက်အသွယ်ရပါပြီ။” ဗိုလ်မှူးကြီးစောဆန်းအောင်ဟာ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားတဲ့ ၀ါးကလို့လူးကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ သတင်းထွက်ပေါ်ခဲ့သလို ဒဏ်ရာရရှိပြီး တဘက်နိုင်ငံမှာ ဆေးကုသမှု ခံရယူနေရတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့ခဲ့ပါတယ်။ အဆိုပါသတင်းဟာ မှန်ကန်မှုမရှိကြောင်းနဲ့ ဒီရက်ပိုင်းမှာတော့ အဆက်အသွယ်ရပြီဖြစ်ပြီး ပုံမှန်အတိုင်း ဆက်လက် တိုက်ပွဲဝင်နေတယ်လို့လည်း ဗိုလ်ကြီးရဲထက်က ပြောပါတယ်။ မနေ့ကတော့ မယ်သဝေါဒေသဘက်မှာ ဒီကေဘီအေက ထောင်ထားတဲ့မိုင်း နင်းမိလို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိတယ်လို့လည်း ဗိုလ်ကြီးရဲထက်က ပြောပါတယ်။ “တိုက်ပွဲကတော့ ဖြစ်နေတုန်းပါပဲ။ ကျနော်တို့လူတွေ တပ်ဖြန့်ခွဲထားပြီး ပြောက်ကျားပုံစံနဲ့ တိုက်နေပါတယ်။ မနေ့ကတော့ နယ်ခြားစောင့်တပ်က ၂ ယောက် မိုင်းထိတယ်ဆိုတာတော့ သိရတယ်။ ကျနော်တို့ နယ်မြေတွေဘက်ဝင်တဲ့ လမ်းကြောင်းတွေပေါ်မှာ ကျနော်တို့ ထောင်ထားတဲ့မိုင်း နင်းမိတာ။” စစ်တပ်ပိုင် မြ၀တီသတင်းဌာနကတော့ ကရင်ပြည်နယ် မဲသဝေါဒေသမှာ ကလို့ထူးဘော ကရင်အစည်းအရုံး (ကေကေအို) ခွဲထွက်အဖွဲ့တွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေက တိုက်ပွဲ ၁၉ ကြိမ်ဖြစ်ပွားပြီး ကရင်လက်နက်ကိုင်အဖွဲ့ဘက်က တပ်ရင်းမှူးအဆင့်ရှိသူ ၁ ဦး အပါအ၀င် ၄ ဦး သေဆုံးကာ ဗိုလ်ကြီးအဆင့်ရှိသူတဦးကို အရှင်ဖမ်းမိပြီး လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အလားတူ မဲသဝေါဒေသ နယ်မြေရှင်းလင်းစဉ်မှာ တပ်မတော်ဘက်က အရာရှိစစ်သည်တချို့ ကျဆုံး ဒဏ်ရာရခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မဲသဝေါဒေသမှာ ဒီကေဘီအေနဲ့ အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ်တွေအကြား စက်တင်ဘာ ၁၀ ရက်နေ့လောက်က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲအတွက် ကျေးရွာပေါင်း ၂၀ ကျော်က ရွာသူရွာသားပေါင်း ၄၀၀၀ နီးပါး မြိုင်ကြီးငူဒေသကို ထွက်ပြေးခိုလှုံနေကြသလို တချို့ကတော့ ထိုင်းဘက်ခြမ်းမှာ ထွက်ပြေးခိုလှုံနေရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ အစိုးရဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းပြီး ထိုးစစ်တွေရပ်မှ တည်ငြိမ်အေးချမ်းလာနိုင်မှာ ဖြစ်တယ်လို့လည်း ဒီကေဘီအေမှ ဗိုလ်ကြီးရဲထက်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024