ချန်ပီယံလိဂ်ပွဲစဉ် ဒေါ့မွန်နှင့် ရီးရဲလ် ၂ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု အက်ဖ် ဒုတိယပွဲစဉ်အဖြစ် ဂျာမန်ကလပ် ဒေါ့မွန်နဲ့ စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်တို့ စက်တင်ဘာ ၂၇ ရက်ညက ယှဉ်ပြိုင်ရာ တဘက် ၂ ဂိုးစီ သရေကျသွားပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၄၃ မိနစ်မှာ ဒေါ့မွန်အတွက် အော်ဘာမီယန်းက ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပထမပိုင်းအပြီးမှာ တဂိုးစီ သရေကျခဲ့တာပါ။ ဒေါ့မွန်ဟာ အိမ်ကွင်းမှာကစားရတဲ့ ဒီပွဲမှာ စပိန်ထိပ်သီးအသင်း ရီးရဲလ်ကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ပြီး ဘောလုံးပိုင်ဆိုင်ခွင့်ရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရခဲ့ပေမယ့် ဦးဆောင်ဂိုးတွေကိုတော့ ရီးရဲလ်အသင်းကပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ ဗာရန်းက ရီးရဲလ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၈၇ မိနစ်မှာ ဒေါ့မွန် ကွင်းလယ်တိုက်စစ်ကစားသမား ရှာရယ်လ်က ချေပဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။ အုပ်စု အက်ဖ် အခြားပွဲစဉ်မှာတော့ ပေါ်တူဂီကလပ် စပို့တင်းစီပီက ပိုလန်ကလပ် လီဂီယာဝါဆောကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အုပ်စု အက်ဖ်က ၂ ပွဲစီ ကစားပြီးချိန်မှာတော့ ဒေါ့မွန်နဲ့ ရီးရဲလ်က ရမှတ် ၄ မှတ်စီတူပေမယ့် ဒေါ့မွန်က ဂိုးကွာခြားချက်အသာနဲ့ အုပ်စု ပထမနေရာက ဦးဆောင်နေပြီး ရီးရဲလ်က ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ စပို့တင်းစီပီက ရမှတ် ၃ မှတ်နဲ့ အုပ်စုတတိယ၊ လီဂီယာဝါဆောကတော့ အမှတ်မရသေးဘဲ အုပ်စုနောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up