Home
မြန်မာသတင်း
လားရှိုးတွင် ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့မှုဖြစ်ပွား
နန်းမြနဒီ
·
September 27, 2016
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ နောင်မွန်းကျေးရွာအုပ်စု စင့်အင်ကျေးရွာမှာ ဒီကနေ့မနက်က ရွာသားတဦး ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့တဲ့အမှုတခု ဖြစ်ပွားခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိ စင့်အင်ရွာသား အိုက်လှိုင်းဆိုသူမှာ ဇနီးဖြစ်သူနဲ့ စကားများပြီး သူ့အိမ်သူ မီးပြန်ရှို့ခဲ့တာလို့ နောင်မွန်းရဲစခန်းမှ စခန်းမှူး ရဲအုပ် အုန်းကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ “စင့်အင်ရွာမှာရှိတဲ့ ဦးစိန်ဝင်း ဒေါ်နန်းဆိုင်နွန်းတို့အိမ်ပေါ့၊ သူ့အိမ်မှာ သူတို့သားနဲ့ ချွေးမ နေကြတယ်။ ဦးစိန်ဝင်းက ဆုံးသွားတာ တလပဲရှိသေးတယ်။ ဒေါ်နန်းဆိုင်နွန်းက လားရှိုးမြို့ အဝေးသင်တက္ကသိုလ်မှာ အဆောင်မှူးသွားလုပ်နေတာ၊ အိမ်မှာ သားနဲ့ ချွေးမပဲကျန်တယ်။ သူတို့သား အိုက်လှိုင်းက နည်းနည်းဆိုးတယ်လို့ ပတ်ဝန်းကျင်က ပြောတယ်။ ဒီနေ့မနက်က သူ့မိန်းမဆီမှာ ပိုက်ဆံတောင်းရင်း လင်မယား စကားများကြတယ်၊ သူက ဘီရိုကို အရင်ရိုက်ခွဲလိုက်တယ်။ ပြီးတော့ သူက စောင်နဲ့ အိပ်ယာခင်းကို မီးခြစ်နဲ့ စရှို့တယ်။ အုပ်ချုပ်ရေးမှူးက သတင်းပို့လို့ ကျနော်တို့ မီးသတ်ကားနဲ့ သွားငြှိမ်းခဲ့တယ်။” အိုက်လှိုင်းမှာ မူးယစ်ဆေးဝါးသုံးစွဲထားတာမရှိဘဲ စိတ်ညစ်လို့ မီးရှို့မိကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါနေအိမ်ဟာ ၀ါးထရံကာ ၂ ထပ်အိမ်ဖြစ်ပြီး ဒီကနေ့မနက် ၉ နာရီ မိနစ် ၄၀ မှာ စတင်လောင်ကျွမ်းကာ မီးသတ်ကား ၃ စီးနဲ့ ပြည်သူတွေကပါ ၀ိုင်းငြှိမ်းသတ်တဲ့အတွက် မနက် ၁၀ နာရီကျော်မှာ မီးညွန့်ကျိုးသွားတယ်လို့ သူက ဆက်ပြောပါတယ်။ မီးလောင်ရာမှာ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ကျပ်ငွေ ၁၁ သိန်း ၂ သောင်း ၅ ထောင်လို့ ရဲစခန်းက သတ်မှတ်ပြီး ကျူးလွန်သူ အိုက်လှိုင်းကို ရာဇသတ်ကြီးပုဒ်မ ၄၃၆ နဲ့ အရေးယူထားတယ်လို့ ရဲအုပ်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024