Home
ဆောင်းပါး
ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံးအဟန့်အတား သို့မဟုတ် အဂတိတရားလေးပါး
DVB
·
September 27, 2016
အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မိန့်ခွန်းပြောခဲ့ပါတယ်။ သူမရဲ့မိန့်ခွန်းအစပိုင်းမှာ “နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတနိုင်ငံအဖို့ အဓွန့်ရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး၊ ဒါဟာ မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ အဓိက စိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေးဆောင်ရွက်နေတဲ့ ခက်ခဲရှုပ်ထွေးတဲ့ လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ်” ဆိုတဲ့သဘောမျိုး ပြောကြားခဲ့သလို သူမရဲ့မိန့်ခွန်း နိဂုံးပိုင်းမှာတော့ “လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိနားမလည်မှုတွေဟာ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုရဲ့ အကြောင်းအရင်းများ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုလို့ ပြောရာမှာ လာဘ်ပေးလာဘ်ယူမှု သက်သက်ကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ လူ့သဘာဝ ကျင့်ဝတ်ပျက်ခြင်းကို ဆိုလိုပါတယ်။  လောဘ၊ ဒေါသ၊ ကြောက်ရွံ့မှု၊ မသိနားမလည်မှုတွေဟာ လူ့သဘာဝ ကျင့်ဝတ်ပျက်စေသလို ကမ္ဘာကြီးကို ကျင့်ဝတ်ပျက်စေပါတယ်။ ဒါကြောင့် ကျမတို့အားလုံး အတူတကွ ဒေါသ၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိနားမလည်မှုတွေကို ဆန့်ကျင်ရပ်တည်ကြပါစို့” လို့ ပြောကြားတိုက်တွန်းသွားခဲ့ပါတယ်။ ဟုတ်ပါတယ်၊ အဲ့ဒီ လောဘ၊ ဒေါသ၊ အကြောက်တရားနဲ့ မသိနားမလည်မှုဆိုတဲ့ အဂတိတရားလေးပါးဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလမ်းမထက်မှာ ပိတ်ဆို့နေတဲ့ အကြီးမားဆုံး အဟန့်အတားတွေပါပဲ။ မြန်မာနိုင်ငံမှာ အဂတိလိုက်စားတယ်ဆိုတာ အစိုးရဝန်ထမ်းနဲ့ အုပ်ချုပ်တဲ့ အာဏာပိုင်တွေကနေ အိမ်ထောင်စုအတွင်း၊ မိတ်ဆွေသူငယ်ချင်းအချင်းချင်းကြား၊ လူမှုအသင်းအပင်း အဖွဲ့တွေထဲမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါ။ တကယ်တော့ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်က သိင်္ဂါလ သတို့သားရဲ့ လျှောက်ထားတောင်းပန်ချက်အရ သိင်္ဂါလောဝါဒသုတ် ခေါ် ဂိဟိဝိနယလို့ ခေါ်ကြတဲ့ လူ့ဝိနည်းကျင့်ဝတ်တရားတော်များဖြစ်တဲ့ ကမ္မကိလေသ တရားလေးပါး၊ အဂတိတရားလေးပါး၊ ဥစ္စာပျက်စီးကြောင်း ခြောက်ပါး၊ အရပ်မျက်နှာခြောက်ပါးတို့ကို အကျယ်ဝေဖန်၍ ဟောကြားတော်မူခဲ့ပါတယ်။ အင်္ဂုတ္တရနိကာယ်  ၂-စရ၀ဂ်၊ ၇-ပထမ အဂတိဂမနသုတ်တော် မြန်မာပြန်မှာလည်း အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ “ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ - ချစ်ခြင်းကြောင့် အဂတိလိုက်စား၏။ မုန်းခြင်းကြောင့် အဂတိလိုက်စား၏။ မသိခြင်းကြောင့် အဂတိလိုက်စား၏။ ကြောက်ရွံ့ခြင်းကြောင့် အဂတိလိုက်စား၏။ ရဟန်းတို့ အဂတိလိုက်စားမှုတို့သည် ဤလေးမျိုးတို့တည်း” ဟု မိန့်တော်မူ၏။ ‘‘စတ္တာရိမာနိ, ဘိက္ခဝေ, အဂတိဂမနာနိ။ ကတမာနိ စတ္တာရိ၊ ဆန္ဒာဂတိံ ဂစ္ဆတိ, ဒေါသာဂတိံ ဂစ္ဆတိ, မောဟာဂတိံ ဂစ္ဆတိ, ဘယာဂတိံ ဂစ္ဆတိ – ဣမာနိ ခေါ, ဘိက္ခဝေ, စတ္တာရိ အဂတိဂမနာနိ။” အဂတိတရားလေးပါးကို မြန်မာလို နားလည်လွယ်အောင် ရေးရရင်... ၁။ ဆန္ဒာဂတိ      ။    ။    ချစ်ခင်သဖြင့် မလားအပ်သည်သို့ လားရခြင်း။ ချစ်၍ ဘက်လိုက်မှုပြုခြင်း၊ ၂။ ဒေါသာဂတိ   ။    ။    မုန်းသဖြင့် မလားအပ်သည်သို့ လားရခြင်း။ မုန်း၍ ဘက်လိုက်မှုပြုခြင်း၊ ၃။ မောဟဂတိ    ။    ။    တွေဝေမိန်းမောသဖြင့် အမှန်ကို မသိသဖြင့် မလားအပ်သည်ကို လားရခြင်း။ မသိ၍ ဘက်လိုက်မှုပြုခြင်း၊ ၄။ ဘယာဂတိ    ။    ။    ကြောက်သဖြင့် မလားအပ်သည်သို့ လားရခြင်း။ ကြောက်၍ ဘက်လိုက်မှုပြုခြင်း စတာတွေပဲ မဟုတ်လား။ တရားနည်းလမ်းအတိုင်း မဆောင်ရွက်ဘဲ ချစ်ခြင်း၊ မုန်းခြင်း၊ မသိခြင်း၊ ကြောက်ခြင်းတို့ကြောင့် ဘက်လိုက်ဆောင်ရွက်မိရင် အဂတိလိုက်စားတယ်လို့ ဆိုရမှာပါ။ အိမ်တအိမ်မှာဖြစ်ဖြစ်၊ စာသင်ကျောင်းတွေမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ် အမိ၊ အဖ၊ ဦးရီး၊ အဒေါ် မောင်ရင်းနှမ၊ ဆရာသမား၊ ကျောင်းသူကျောင်းသား၊ သူငယ်ချင်း လုပ်ဖော်ကိုင်ဘက်အချင်းချင်းကြားမှာတောင် မိမိပိုချစ်တဲ့သူဘက်က မှားနေမှန်းသိရက်နဲ့ မျက်နှာသာပေး ရပ်တည်ရင် ဆန္ဒာဂတိလို့ ခေါ်တဲ့ အဂတိလိုက်စားမှုပါပဲ။ အဂတိတရားလေးပါးကို ညွှန်ပြနေတဲ့ နောက်ထပ်ထင်ရှားတဲ့ ဥပမာတရပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါပဲ။ မြန်မာနိုင်ငံကို ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ဖြစ်လာဖို့အတွက် မဖြစ်မနေ ပြင်ဆင်ရမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ စစ်အာဏာရှင်တွေ အဂတိတရား လေးပါးစလုံးကို လိုက်စားပြီး ရေးခဲ့ကြတာပါ။ သူတို့သားသမီး မျိုးဆက်အသိုင်းအ၀ိုင်းတွေ အခွင့်ထူးခံနေရာဦး ကောင်းစားနိုင်ဖို့ ချစ်၍ ဘက်လိုက်မှုပြုခြင်းဆိုတဲ့ ဆန္ဒာဂတိ၊ သူတို့အုပ်စိုးမှုကို ဆန့်ကျင်ပြီး တောင်းဆိုခဲ့တဲ့ ပြည်သူလူထု အာဏာပိုင်စိုးမှုအပေါ် မကြိုက်မနှစ်သက်မှုနဲ့ အာဏာမလွှဲအပ်လိုတဲ့ ဒေါသဂတိ၊ လုပ်အပ်၊ မလုပ်အပ် မခွဲခြားနိုင်တဲ့ မောဟဂတိ၊ သူတို့ မတရားရယူထားတဲ့ စည်းစိမ်ဥစ္စာ အိမ်မြေရာ၊ အာဏာနဲ့ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ရမှာ စိုးရွံ့တဲ့ အကြောက်တရား ဘယာဂတိ၊ ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ပြန်ခံရမှာစိုးရွံ့တဲ့ အကြောက်တရား ဘယာဂတိ၊ သမိုင်းမှန်တွေပေါ်ပြီး မျက်နှာမဖော်နိုင်အောင် အရှက်ရမှာစိုးရွံ့တဲ့ အကြောက်တရား ဘယာဂတိ၊ သူတို့အနာဂတ်လုံခြုံမှုအတွက် ပူပန်စိုးရွံ့တဲ့ အကြောက်တရား ဘယာဂတိ စတဲ့ အဂတိတရားတွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် သမိုင်းမှန်တွေဖုံးကွယ်လို့ လူနည်းစုအတွက် ဥပဒေပြု အကာအကွယ်ယူပြီး အဂတိလိုက်စား ရေးဆွဲထားတဲ့ အခြေခံဥပဒေတရပ်ပါ။ ဒါကြောင့်လည်း စစ်အာဏာရှင် အသိုင်းအဝိုင်းအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ သူတို့ကို အခွင့်ထူးခံခွင့်ပေးထားတဲ့၊ အကာအကွယ်ပေးထားတဲ့ ဥပဒေပုဒ်မတွေ မပြင်ဆင်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ဒီကနေ့အချိန်ထိ ပြင်ဆင်ဖို့ အဆိုပြုတိုင်း လွှတ်တော်ထဲမှာသာမက လွှတ်တော်ပြင်ပမှာပါ တူးတူးခါးခါး ကာကွယ်တားဆီးခဲ့ကြတာ ပြည်သူတွေ မြင်နိုင်ပါတယ်။ အဲဒီလို စစ်အာဏာရှင်တွေ အဂတိလိုက်စားပြီး ရေးသားခဲ့တဲ့ ဒီမိုကရေစီစနစ်၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ မကိုက်ညီတဲ့ ဥပဒေ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ဆိုရင် စစ်အာဏာရှင် အသိုင်းအဝိုင်းရဲ့ ရင်ထဲက အကြောက်တရားတွေကို ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ သူတို့ရဲ့ရင်ထဲမှာ ကိန်းဝပ်တည်နေတဲ့ အကြောက်တရားကို ဖယ်ရှားဖို့ဆိုရင် သူတို့ဘဝတွေအတွက် သင့်တင့်လျောက်ပတ်တဲ့ လုံခြုံမှုပေးထားတဲ့ အာမခံချက်တွေ ပြသဖို့ လိုပါလိမ့်မယ်။ အစိုးရသစ်လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးဟာ တပ်မတော်သားတွေ အပါအ၀င် လူတိုင်းအတွက် ဖြစ်တယ်။ လက်စားချေရေးကိစ္စဟာ အကျိုးမရှိနိုင်ဘူး။ နိုင်ငံကို ဆင်းရဲတွင်းက လွတ်မြောက်ဖို့နဲ့ မြန်မာပြည်သူပြည်သားအားလုံးအတွက်သာမက နောက်မျိုးဆက်သစ်တွေ  ကောင်းကျိုးချမ်းသာ ခံစားနိုင်ဖို့ဖြစ်တယ်ဆိုတာ အားလုံး ယုံကြည်လက်ခံလာအောင် ဆောင်ရွက်ရမှာပါ။ တကယ်တော့ လူသားတွေရဲ့ သမိုင်းရေစီးဆိုတာ ဘယ်တော့မှ ရပ်တန့်မနေသလို တားဆီးလို့မရနိုင်ပါဘူး။ အမှန်တရားကို အမြဲမဖုံးကွယ်နိုင်ဘူး။ ထာဝစဉ် ရှောင်ပြေးလို့ မလွတ်နိုင်ဘူး။ အတိတ်မှာ အမှားကျူးလွန်ခဲ့သူတို့အတွက် အသက်သာဆုံး ထွက်ပေါက်တံခါးကို ဖွင့်ပေးနိုင်တဲ့သော့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူမှာပဲရှိတာမို့ အမှန်တရားကို လိပ်ပြာသန့်သန့် ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါလို့ပဲ စစ်အာဏာရှင်ဟောင်းတွေကို တိုက်တွန်းချင်ပါတယ်။ တကယ့်လွတ်လပ်မှုဆိုတာ အကြောက်တရားက လွတ်မြောက်နေခြင်းပါပဲ။ အကြောက်တရားဆိုတာ မိမိအတွင်းစိတ်ရဲ့ စိုးရွံ့ပူပန်ထိတ်လန့်မှုတွေပဲ မဟုတ်လား။ အဲဒီအကြောက်တရားက လွတ်မြောက်ပြီးသူတယောက်ကို ခြောက်လှန့်နိုင်တဲ့အရာဆိုတာ လောကမှာ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ပြည်သူလူထု အာဏာကို ၁၀၀ ရာခိုင်နှုန်း ဖော်ဆောင်နိုင်မယ့် ဒီမိုကရေစီစနစ်ကို လက်မခံချင်ကြတဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းအချို့နဲ့ ကြံ့ခိုင်ရေးပါတီဝင်တချို့ အပါအ၀င် နိုင်ငံသားအများစုဟာ ကြောက်လန့်ခြင်းမှ ကင်းဝေးကြပြီး အဂတိတရား မလိုက်စားမှသာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်မှာ ဖြစ်သလို အားလုံးအတွက် ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့မြေ ဖြစ်လာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတနိုင်ငံအဖြစ် ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါကြောင်း။        ။ မင်းကောင်းချစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024