Home
မြန်မာသတင်း
ရှမ်းပြည်နယ် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း အဖြုတ်ခံခဲ့ရသည့်ကိစ္စ စုံစမ်းဖော်ထုတ်မည်
DVB
·
September 27, 2016
ရှမ်းပြည်နယ် တောင်ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဖြုတ်ထုတ်တဲ့ကိစ္စ စုံစမ်းဖော်ထုတ်သွားမယ်လို့ ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့အမိန့်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး အပါအ၀င် အမှုဆောင်တချို့ကို စက်တင်ဘာလဆန်းပိုင်းက  တာဝန်ကနေ အနားပေးလိုက်ပြီး အမှုဆောင်သစ် ၅ ဦး အစားထိုး ခန့်အပ်ခဲ့တဲ့ကိစ္စကို အမှန်တရား ပေါ်ပေါက်လာတဲ့အထိ စုံစမ်းဖော်ထုတ်သွားမယ်လို့ ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီ တောင်ကြီးကပုဂ္ဂိုလ်တွေ ကျူးလွန်တယ်ဆိုတဲ့ကိစ္စ၊ သူတို့အပြစ်ပြောတဲ့ကိစ္စ။ အဲဒါတွေက ဘယ်လောက်မှန်သလဲဆိုတာ ကျနော်တို့ နည်းလမ်းတကျ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လိုပါမယ်။ ဒီလိုလုပ်မယ်ဆိုရင် စုံစမ်းစစ်ဆေးမှုရှိတဲ့ စွပ်စွဲမှုဆိုရင် ပြည်သူက လက်ခံပါတယ်။ စုံစမ်းစစ်ဆေးမှုမရှိတဲ့ ပြုလုပ်မှုဆိုရင်တော့ လက်မခံကြပါဘူး။” တောင်ကြီးကိစ္စကို ပြန်လည်ပြုပြင်တာမျိုးတွေ မလုပ်ရင် ပြည်သူတွေရဲ့ ယုံကြည်မှုတွေ အများကြီး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ ဦးဝင်းထိန်ကတော့ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကို အန်ဂျီအိုနဲ့ စီအက်စ်အိုတို့မှာ ပါဝင်နေတဲ့အတွက်ကြောင့် ဖယ်ရှားလိုက်တာဖြစ်တယ်လို့ မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။ ဦးဝင်းထိန်ရဲ့ စွပ်စွဲချက်တွေက ခိုင်ခိုင်မာမာ မရှိဘူးလို့ ထုတ်ပယ်ခံရတဲ့ ဒေါ်ခင်မိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။ “၈ ရက်နေ့က အဖွဲ့ချုပ်ဗဟိုကို ဆင်းပြီးတော့ ၉ ရက်နေ့မှာ စာတင်ခဲ့ပါတယ်။ ဒါ ဦးဝင်းထိန်ရဲ့ စွပ်စွဲချက်တွေက မဟုတ်မမှန်ဘူး။ ဟုတ်မှန်တယ်ဆိုရင်လည်း သူ့ဘက်က သက်သေပြဖို့ တာဝန်ရှိတယ်။ ဆိုပါတော့၊ ကျမကို စွပ်စွဲတယ်။ ကျမက အန်ဂျီအိုမှာလုပ်တယ်။ ဟုတ်ပြီ၊ အန်ဂျီအိုမှာ လုပ်တယ်ဆိုရင် ဘယ်အန်ဂျီအိုမှာလုပ်လဲ၊ ဘယ်တုန်းက ဘယ်တာဝန်တွေ ယူခဲ့သလဲ။ ဒါတွေကို ရှင်းလင်းပြောပြဖို့ သူ တာဝန်ရှိတယ်။ အဲဒီလိုပဲ အက်စ်ဘီအဖွဲ့တွေကို ကျမတို့ အစည်းအဝေးတွေမှာ ၀င်ထိုင်ခိုင်းတယ်လို့ သူစွပ်စွဲပါတယ်။ အဲဒါနဲ့ပတ်သက်လို့ဆိုရင်လည်း သူက ဘယ်အစည်းအဝေးမှာ၊ ဘယ်တုန်းက ၀င်ထိုင်လဲ၊ ဘယ်သူဝင်ထိုင်လဲ။ ဒါကို သူ အထောက်အထားနဲ့ပြောပြဖို့ တာဝန်ရှိပါတယ်။” ဒေါ်ခင်မိုးမိုးနဲ့ အမှုဆောင်တချို့ကို တာဝန်ကနေ အနားပေးခဲ့တဲ့ကိစ္စဟာလည်း ဦးဝင်းထိန်ရဲ့ အမြင်သက်သက်နဲ့ပဲ ဆောင်ရွက်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ထပ်လောင်းပြောပါတယ်။ “စီအီးစီသဘောတူညီချက်နဲ့ ဆောင်ရွက်တာ မဟုတ်ပါဘူး။ ဦးဝင်းထိန်က သူ့အမြင်နဲ့ သူရတဲ့သတင်းအပေါ်မှာ သူ ဆောင်ရွက်တာပါ။” အခုလို ပါတီက စုံစမ်းစစ်ဆေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းထိန်ကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဘာမှ ပြောစရာမရှိသေးဘူးလို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024