ခုတ်ထစ်လူသေအလောင်းထည့်ထားသည့် ရေခဲသေတ္တာကို လွန်ခဲ့တဲ့ ၄ လက အပြင်မှ သယ်လာတာဟု မြန်မာအိမ်အကူလင်မယား ပြော

4K
ခြောက်ပိုင်းပိုင်းခုတ်ထစ်ထားပြီး လူသေအလောင်းထည့်ထားတဲ့ ရေခဲသေတ္တာဟာ လွန်ခဲ့တဲ့ ၄ လ သူတို့အလုပ်စလုပ်တဲ့ အချိန်ကတည်းက ပရီဒီဘန့်အွန်မ်ရန် ၃၇ လမ်း အိမ်ကနေ ဘန်ကောက် ပရာခနွန်အရပ်က အိမ်ကို အိမ်ရှင်နိုင်ငံခြားသားတွေ သယ်လာတာလို့ မြန်မာအိမ်အကူလင်မယားက ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီသော့ခတ်ထားတဲ့ ရေခဲသေတ္တာနဲ့ ဝေးဝေးနေဖို့လည်း သူတို့အလုပ်ရှင် နိုင်ငံခြားသားတွေက ပြောခဲ့တယ်လို့ ဆိုပါတယ်။
ခုလက်ရှိအချိန်မှာတော့ သောကြာနေ့က ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၃ ဦးဟာ အမှု ၈ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။
သူတို့ရဲ့ပတ်စပို့တ် တရားဝင်မှုတွေကို သံသယရှိပေမယ့် သူတို့ထဲက ၂ ယောက်ကတော့ အမေရိကန် နိုင်ငံသား ၂ ဦးဖြစ်တဲ့ ဂျိမ်းစ်ဒေါက်ကလက်စ်အီးဂါး၊ အသက် ၆၆ နှစ်နဲ့ အေရွန်သောမက်စ်ဂေဘယ်လ်၊ ၃၃ နှစ်ဖြစ်ပြီး မနေ့က ဘန်ကောက် ရမာန်အကျဉ်းထောင်ကို မပို့ခင် တရားရုံးထုတ်ခဲ့တယ်လို့ ရဲကပြောပါတယ်။
တတိယတယောက်ကတော့ ပီတာအင်ဒရူးကော့လ်တာ၊ အသက် ၅၈ နှစ်၊ မြောက်အိုင်ယာလန်နိုင်ငံသား ဒါမှမဟုတ် ဝီလျံပီတာဂျေဆန် ၆၃ နှစ်၊ အမေရိကန် နိုင်ငံသားလို့ သူကိုင်ဆောင်တဲ့ ပတ်စပို့တ်တွေအရ သိရပါတယ်။ ဝင်ရောက်စီးနင်းစဉ် ရဲကိုပြန်လည်ခုခံခဲ့တဲ့အတွက် ဒဏ်ရာရခဲ့ပြီး လက်ရှိအချိန်မှာ ရဲဌာနရဲ့ ဆေးရုံမှာ ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။
သူတို့ကို ပိုမိုမေးမြန်းစစ်ဆေးနိုင်အောင် အောက်တိုဘာလ ၅ ရက်အထိ ဖမ်းဆီးထားနိုင်ဖို့ ရဲတွေရဲ့ခွင့်တောင်းမှုကို ပရာခနွန်တရားရုံးကတော့ ခွင့်ပြုထားပါတယ်။
ဖမ်းဆီးခံထားရသူတွေကတော့ သူတို့ကို စွဲဆိုထားတဲ့အမှုတွေအတွက် မနေ့ကငြင်းဆို ထားတယ်လို့လည်း မြို့တော်ရဲ့ရဲချုပ်ကပြောခဲ့ပါတယ်။ ခုတ်ထစ်ထားတဲ့ လူသေအလောင်း ခွဲစိတ်စစ်ဆေးမှုအစီရင်ခံစာကိုတော့ ချုလောင်လောင်ကွန်းဆေးရုံက မကြာခင်ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ရဲချုပ်ကထပ်ဖြည့်ပြောခဲ့ပါတယ်။
နောက်ရဲအရာရှိတဦးကတော့ မစ္စတာကော့လတာက သူဟာဓာတုဗေဒပညာရှင်တဦးဖြစ်ပြီး ထိုင်းအမျိုးသမီးနဲ့ လက်ထပ်ထားကြောင်း ဒီရေခဲသေတ္တာကလည်း လွန်ခဲ့တဲ့ ၃ လက ကင်ဆာနဲ့ သေဆုံးခဲ့တဲ့ သူ့သူငယ်ချင်းပိုင်ဆိုင်တာဖြစ်ကြောင်း ဒီရေခဲသေတ္တာထဲမှာ ဘာရှိနေတယ်ဆိုလဲ သူမသိကြောင်း ရဲကိုပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မနေ့က တော့ ရေခဲသေတ္တာရဲ့သော့ကို သူ့အိပ်ခန်းထဲကတွေ့ကြောင်း ရဲကပြောပါတယ်။
ဒီပတ်စပို့တ်အတုဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာကော့လ်တာဟာ ထိုင်းနိုင်ငံမှာ နေထိုင် နေတာ ၈ နှစ် ၉ နှစ်လောက်ရှိပြီး ထိုင်းနိုင်ငံကနေ အဝင်အထွက်လုပ်တဲ့ သူ့ရဲ မှတ်တမ်းကို မတွေ့ရဘူးလို့ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေကလည်း ပြောထားပါတယ်။
ဝင်ရောက်စီးနင်းစဉ်တွေ့ခဲ့တဲ့ အမေရိကန်ပတ်စပို့နောက်တခုကတော့ ရေခဲသေတ္တာထဲက လူသေအလောင်း ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ အထောက်အကူပြုနိုင်တယ် လို့လည်း ရဲကပြောပါတယ်။