Home
မြန်မာသတင်း
ငြိမ်းစုစီဥပဒေ ပြည်ထောင်စုလွှတ်တော်အတည်ပြု
DVB
·
September 24, 2016
လွှတ်တော်နှစ်ရပ်သဘောထားကွဲခဲ့တဲ့ ငြိမ်းစုစီဥပဒေကို စက်တင်ဘာ ၂၃ ရက်က ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်နိုင်ပါတယ်။ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ထိတင်ပြီး ဆွေးနွေးရတာဟာ အခုလွှတ်တော်သက်တမ်းမှာ ပထမဆုံးဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် မကွေးတိုင်းကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က “အရင်တုန်းက ခွင့်ပြုချက်တောင်းရတယ်။ အခု ခွင့်ပြုချက်တောင်းစရာ မလိုတော့ဘူး။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်လိုတဲ့ပုဂ္ဂိုလ်များက ၄၈ နာရီ ကြိုတင်ပြီး အကြောင်းကြားပေးဖို့ပဲ။ ကြိုတင်စည်းကမ်းချက်ကို လိုက်နာပါမယ်ဆိုတဲ့ ၀န်ခံချက်တော့ ရေးပေးရမယ်။ ပြစ်မှုပြစ်ဒဏ်မှာကျတော့ ငြိမ်းချမ်းစွာစုဝေးလှည့်လည်တဲ့သူတွေကို နှောင့်ယှက် ဟန့်တားခဲ့သူတွေကို ပေးတဲ့ပြစ်ဒဏ်က ပိုမြှင့်ထားတယ်”လို့ ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းကို တပိုဒ်ချင်းအတည်ပြုရာမှာ ကြားနေမဲ ၁၆၀ ခန့်အထိ ထူးထူးခြားခြား ရှိခဲ့ပြီး ကန့်ကွက်မဲအရေအတွက်နဲ့ တူညီခဲ့တာလည်း ဖြစ်ပါတယ်။ ငြိမ်းစုစီဥပဒေကြမ်းနဲ့ပတ်သက်လို့ စီတန်းလှည့်လည်ဖို့ မရိုးမဖြောင့်သော သဘောဖြင့် သူတဦးဦးအား ငွေကြေး (သို့မဟုတ်) ပစ္စည်းတစ်စုံတစ်ရာပေး၍ သွေး ဆောင်ခြင်းမပြုရဟူသော ပုဒ်မကို လွှတ်တော်နှစ်ရပ် အကြီးအကျယ်သဘောကွဲခဲ့ကြတာဖြစ်ပြီး အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းမှာတော့ အဲ့ဒီအချက် ပါသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024