Home
မြန်မာသတင်း
ယာယီရုပ်သံလွှင့်ခွင့်လျှောက်ထားရာတွင် ယခင်အစိုးရလက်ထက်က ခရိုနီများပါဝင်နေဟု ဆို
ဇေယျာချမ်းအေး
·
September 23, 2016
ယာယီရုပ်သံလွှင့်ခွင့် လျှောက်ထားမှုမှာ အရင်အစိုးရလက်ထက်က ခရိုနီတွေ ပါဝင်လျှောက်ထား လာတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်ပေးထားတဲ့ Tun Group Asia ကုမ္ပဏီက ပြောဆိုလိုက်ပါတယ်။ ယာယီရုပ်သံလွှင့်ခွင့်အတွက် ရုပ်သံလိုင်း ၅ နေရာကို  ပုဂ္ဂလိကကို ချထားပေးဖို့ သြဂုတ်လကုန်ပိုင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက တင်ဒါခေါ်ခဲ့တာပါ။ စိတ်ပါဝင်စားတဲ့ ပုဂ္ဂလိကရုပ်သံလိုင်းတွေအနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကိုယ်စားလှယ်လွှဲထားတဲ့ Tun Group Asia ကုမ္ပဏီကို သွားရောက်လျှောက်ထားခဲ့ကြရတာ ဖြစ်ပါတယ်။ စက်တာဘာလ ၂၂ ရက်နေ့အထိ ရုပ်သံလွှင့်ခွင့်အတွက် လျှောက်ထားခဲ့တဲ့ ကုမ္ပဏီ ၄၄ ခုအထိ ရှိခဲ့ပြီး အဲဒီအထဲမှာ အရင်အစိုးရ လက်ထက်က ခရိုနီကုမ္ပဏီတွေ ပါဝင်လျှောက်ထား လာတာကို တွေ့ရတယ်လို့ Tun Group Asia ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပါတယ်။ Tun Group Asia Limited Founder ဦးချစ်ထွန်းဖေက “လုပ်ငန်းသဘာဝအရ စိတ်ဝင်စားမှုမှာတော့ သုံးခုပေါ့နော်။ သမားရိုးကျ မီဒီယာလုပ်နေကြတဲ့ Print မီဒီယာတွေ၊ အခြားမီဒီယာတွေကလည်း ဒီ Broadcast မီဒီယာကို လုပ်ချင်တယ်ဆိုပြီး စိတ်ဝင်စားမှုနဲ့ လာရောက်လျှောက်ထားကြတယ်။ အဲဒါအပြင် ခုနကပြောသလို ခရိုနီတွေပဲ ပြောပြောပါ။ သူတို့ စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတဲ့လူတွေ။ သူတို့လည်း မီဒီယာလုပ်ငန်းထဲ ၀င်လုပ်ချင်တယ် ဆိုပြီး လာလျှောက်ကြတဲ့အဖွဲ့တွေ ရှိပါတယ်။ အဲဒါအပြင် ကျနော်တို့ အနုပညာလုပ်ငန်းတွေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ လုပ်ပြီး ၀ါသနာအနေနဲ့ လက်ရှိလုပ်ကိုင်နေကြတဲ့သူတွေပေါ့နော်။ သူတို့ကလည်း ဒါ သူတို့အတွက် အခွင့်အရေးဆိုပြီး လာလျှောက်တဲ့သူတွေ ရှိပါတယ်။ ကျနော်ကတော့ အခြေခံအားဖြင့် တွေ့ဆုံမှုမှာ အဲဒီ သုံးခုကို ကျနော် တွေ့ရပါတယ်” လို့ ပြောပါတယ်။ အဲဒီလို စီးပွားရေးလုပ်ငန်းရှင် ခရိုနီင်္ကြီးတွေ ရုပ်သံလွှင့်ခွင့်အတွက် လျှောက်ထား လာတာဟာ အမှီအခိုကင်းပြီး လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ရပ်တည်မှုကို ထိခိုက်စေ နိုင်တယ်လို့ သတင်းမီဒီယာသမားတွေက သုံးသပ်ပါတယ်။ သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက “တကယ် သေချာရွေးမယ်ဆို ရင်တော့ ရုပ်သံ အတွေ့အကြုံရှိတဲ့သူ၊ ရုပ်သံလိုင်းဆိုတာက ရုပ်သံထုတ်လွှင့်မှုအပိုင်းရော၊ လက်ရှိမှာက အများစုက ဘာလုပ်နေလဲဆိုတော့ content ပြောရရင်တော့ ရုပ်သံလွှင့်မယ့် အစီအစဉ်မှာ ပါမယ့်ဟာကို သတင်းဖြစ်စေ၊ အင်တာဗျူးဖြစ်စေ၊ ဂိမ်းဖြစ်စေ စသဖြင့် အဲလိုလုပ်နေတာ ရှိတယ်။ အဲလိုမျိုး အတွေ့အကြုံရှိတဲ့လူတွေပဲ ဦးစားပေးမယ်ဆိုရင်တော့ ပိုက်ဆံရှိလည်း ၀င်လျှောက်တယ် ဆိုတဲ့သူတွေကို ကျော်လို့ရမယ်ထင်တယ်” လို့ ပြောပါတယ်။ MCN ရုပ်သံသတင်းဌာနမှ အယ်ဒီတာချုပ် ဦးအံ့ဘုန်းမြတ်က “ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်တုန်းကတည်းက ခရိုနီလို့ ကျော်ကြားတဲ့သူတွေပေါ့လေ။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကပါ ဒီလိုမျိုး ၀င်ရောက်ပြီးတော့ လျှောက်ထားကြတဲ့ သတင်းအချက်အလက်တွေ ကျနော်တို့ သိရတယ်ပေါ့ဗျာ။ ဆိုတော့ အဲဒီဟာတွေကို ဘယ်လို ရွေးချယ်မလဲ၊ ဘယ်သူတွေ ရမလဲပေါ့။ အဲဒီမေးခွန်းကိုတော့ ကျနော်တို့လည်း စိတ်ဝင်တစား စောင့်ကြည့်ရမှာပေါ့နော်။ ကျနော်တို့ ကိုယ်တိုင်လည်း ရုပ်သံလိုင်းလျှောက်ထားထားတယ်။ သတင်းမီဒီယာလောကထဲမှာ တကယ် လည်ပတ်နေကြတဲ့ လူတွေ၊ သတင်းဌာနတွေ မရဘဲနဲ့ ဒါ ငွေကြေးရင်းနှီးမြှုပ်နှံမှု အားကောင်းတဲ့ သူတွေကိုပဲ ပေးလိုက်မယ်ဆိုရင်တော့ ကျနော်တို့ သတင်းမီဒီယာလောက လုံးဝ ဘယ်လိုမှ အသက်ဆက်ရှင်သန်ဖို့ရာက လွယ်ကူတော့မယ့် အခြေအနေမျိုး မဟုတ်တာတော့ ကျနော်တို့ မြင်နေရတယ်ပေါ့လေ” လို့ ပြောပါတယ်။ လက်ရှိအချိန် ရုပ်သံသတင်းမီဒီယာလောကမှာ အရင်အစိုးရလက်ထက်က အခွင့်ထူးခံ မီဒီယာတွေ ရှိခဲ့တဲ့အတွက် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ရုပ်သံသတင်းဌာနတွေဟာ ရပ်တည်ဖို့ ခက်ခဲနေပါတယ်။ အဲဒါအပြင် အစိုးရရဲ့ ရုပ်သံလိုင်းတွေဟာလည်း အားကောင်းနေတဲ့အတွက် ပုဂ္ဂလိကကုမ္ပဏီတွေ ရပ်တည်ဖို့ စိန်ခေါ်မှုတွေ များပြားနေတဲ့ အခြေအနေ ဖြစ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024