ဆိုင်ကယ်နှင့် စက်ဘီး တိုက်၊ ဆိုင်ကယ်မောင်းသူ ရဲတပ်သား သေဆုံး
DVB
·
September 23, 2016
ရခိုင်ပြည်နယ် စစ်တွေမြို့ အခွန်ရုံးနောက်ဘက်က ရှုခင်းသားလမ်းအကွေ့မှာ စက်တင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်က ဆိုင်ကယ်မောင်းလာတဲ့ ရဲတပ်သားနှစ်ဦးနဲ့ စက်ဘီးစီးနင်းလာသူတို့ မတော်တဆ တိုက်မိလို့ ဆိုင်ကယ်မောင်းလာသူ ရဲတပ်သားတဦး သေဆုံးသွားပါတယ်။
ပလက် ဖောင်းနဲ့ခေါင်းဆောင့်မိလို့ ဆိုင်ကယ်မောင်းလာတဲ့ ရဲတပ်သားတဦး ဆေးရုံအရောက် ၇ နာရီမှာ သေဆုံးခဲ့ပြီး၊ အခြားရဲတပ်တဦးကိုတော့ အတွင်းလူနာအဖြစ် ဆေးကုသနေတယ်လို့ စစ်တွေရဲစခန်းက စခန်းမှူးရန်နိုင် ဒီဗွီဘီကို ပြောပါတယ်။
“ဆိုင်ကယ်ကတော့ မောင်းရင်းနဲ့ဖြစ်ကြုံမှုတခုခုဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တာကတာ့ စက်ဘီးကို ဝင်ခြစ်မိလိုက် တဲ့သဘောပါ။ စက်ဘီးကမြောက်ကနေတောင်ကို မောင်းလာတာ။ ဆိုင်ကယ်က တောင်ကနေမြောက်ကိုမောင်း လာတာပါ။ ဟိုလိုကြီးစက်ဘီးကို ဝုန်းဒိုင်းဆိုပြီး တိုက်လိုက်တာ မဟုတ်ပါဘူးခင်ဗျ။ မတော်တဆဖြစ်တဲ့ သဘောမျိုးလောက်ပါပဲ။ အဲလိုဖြစ်ပြီးမှ ဆိုင်ကယ်က အပေါ်တက်ပြီး တိမ်းမှောက်သွားတဲ့သဘောပါ။ ပလက်ဖောင်းနဲ့ခေါင်း ဆောင့် မိတော့ ထိခိုက်ဒဏ်ရာရကုန်တာပါ။ ဆေးရုံရောက်တော့ ၇ နာရီလောက်မှာ ရဲတပ်သား တဦးဆုံးပါတယ်။ အခြားတဦးကတော့ အတွင်းလူနာအဖြစ် ကုသထားပါတယ်။”
ဆိုင်ကယ်မောင်းနှင်းလာ သူရဲတပ်သား ကျော်ရဲပိုင်အသက် ၂၄ နှစ်မှာ ဦးခေါင်း ပေါက်ပြဲဒဏ်ရာနဲ့ စစ်တွေဆေးရုံမှာ ညနေ ၇ နာရီ အချိန်ကသေဆုံးသွားခဲ့ပြီး၊ ဆိုင်ကယ်အတူ စီးနင်းလာတဲ့ ရဲတပ်သား မောင်သန့်ဇင် အသက် ၂၃ နှစ် ဦးခေါင်းပေါက်ပြဲ၊ မျက်နှာမေးအောက် ကွဲရှဒဏ်ရာနဲ့ စစ်တွေဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေပါတယ်။
ဆိုင်ကယ်နဲ့တိုက်မိလို့ စက်ဘီးစီးနင်းလာတဲ့ ဦးမောင်သာအေး အသက် ၅၂ နှစ်မှာ ဝဲဘက်ဒူခေါင်းနဲ့၊ ယာခြေထောက်ဒဏ်ရာရရှိပြီး စစ်တွေဆေးရုံမှာ (မစိုးရိမ်ရ)ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေပါတယ်။
ရာဇသက်ကြီး ဥပဒေပုဒ်မ ၃၀၄- က ၃၃၈/၂၇၉ နဲ့ စစ်တွေမြို့မရဲစခန်းက ဆိုင်ကယ်ကို အမှုဖွင့်ဆောင်ရွက်နေတယ်လို့ စခန်းမှူးက ပြောပါတယ်။
သတင်း - ဝဏ္ဏခွာညို