Home
မေးမြန်းခန်း
ပုဂ္ဂလိက စီးပွားရေး တိုးတက်မှပဲ နိုင်ငံ့စီးပွားရေး ပိုပြီးတိုးတက်မှာ - ဦးဇော်မင်းဝင်း
DVB
·
September 23, 2016
မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။ UMFCCI ရွေးကောက်ပွဲအကြောင်းနဲ့ အသင်းချုပ်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေအကြောင်းကို ဒီရွေးချယ်တင်မြှောက်ပွဲမှာ ဥက္ကဋ္ဌအဖြစ် အရွေးခံလိုက်ရတဲ့ ဦးဇော်မင်းဝင်းနဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ဦးဇော်မင်းဝင်းခင်ဗျာ၊ အခု ဥက္ကဋ္ဌသစ် ရွေးချယ်ခံရတာ ၀မ်းသာဂုဏ်ယူကြောင်းကို ကျနော် ဦးစွာပထမ ပြောလိုပါတယ်။ ပြီးတော့ အခုလို ဥက္ကဋ္ဌသစ် အရွေးခံရပြီးတဲ့နောက်မှာ ပထမဆုံး သီးသန့်တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်ခင်ဗျ။ ဖြေ - ဟုတ်ကဲ့ပါ ဦးခင်မောင်ဝင်း။ အခုလို ကျနော့်ကို သီးသန့်လာရောက်ပြီး ပထမဆုံးအကြိမ် တွေ့ဆုံခန်းလေး လုပ်ပေးတဲ့အတွက် ဦးခင်မောင်ဝင်းတို့အဖွဲ့ကို အများကြီး ကျေးဇူးတင်ပါတယ်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်၊ စနေနေ့မှာ ကျနော်တို့ရဲ့ ၂၀၁၆-၂၀၁၉ သက်တမ်းအတွက် အမှုဆောင်သစ် ရွေးချယ်ပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီလို အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့တာဟာလည်း အဓိက အသင်းသူ၊ အသင်းသားတွေရဲ့ အားပေးမှု၊ လာပြီးမဲပေးတဲ့ ပုဂ္ဂိုလ်များကလည်း ညီညီညွတ်ညွတ်နဲ့ တကယ့်ရွေးချယ်သင့်တဲ့ ပုဂ္ဂိုလ်တွေကို ဆောင်ရွက်ပေးတယ်။ အထူးသဖြင့် ကျေးဇူးတင်ရမှာက ကျနော်တို့ရဲ့ ကော်မရှင်လူကြီးတွေ ဖြစ်ပါတယ်။ ကော်မရှင်လူကြီးတွေဟာ အသက်ကြီးပေမယ့်လည်း စေတနာထားပြီး လာရောက်ပြီး သေချာလေး စနစ်တကျနဲ့ သမာသမတ်ဖြစ်အောင် ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်ပေးခဲ့တဲ့ မဲရေတွက်မှုမှာလည်း စနစ်ကျတဲ့အတွက် ဒီနေ့ ကျနော့်အမြင်ပြောရရင် တကယ့်ကိုပဲ အောင်အောင်မြင်မြင်နဲ့ အပြောအဆိုနည်းအောင်လို့ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ မေး - ဟုတ်ကဲ့။ ရွေးချယ်တင်မြှောက်ပွဲမလုပ်ခင် နှစ်ရက်အလိုမှာပေါ့လေ၊ ကျနော်ပဲ ဦးဇော်မင်းဝင်းနဲ့ တွေ့ပြီး ဒီရွေးကောက်ပွဲအကြောင်းကို မေးမြန်းခဲ့တာရှိတယ်။ အဲဒီအချိန်တုန်းက ကျနော့်ကို ရှင်းပြတာက ဒီရွေးချယ်တင်မြှောက်ပွဲမှာ Eligible Voter ၂၀၀၀ ကျော် ရှိတယ်လို့ ပြောပါတယ်။ ဆိုတော့ အဲဒီလူအားလုံး မဲလာပေးခဲ့ကြတာလား။ ဖြေ - တကယ်တမ်းကျတော့ ကျနော်တို့ Voter အနေနဲ့ ၁၂၄၆ ဦးပါ တကယ်ပေးရမှာ။ ဒါပေမယ့် တကယ်လာပေးတာ ၁၁၃၄ ဦး လာပေးတာ ဖြစ်ပါတယ်။ မေး - ဦးဇော်မင်းဝင်းဆိုရင်လည်း အရင်တုန်းက အမှုဆောင်။ ဒီအသင်းချုပ်မှာ ဒုတိယဥက္ကဋ္ဌ။ အခုတော့ ဥက္ကဋ္ဌ အရွေးခံရတယ်ပေါ့။ အဲလိုပဲ အမှုဆောင်ဟောင်းတွေလည်း ပြန်အရွေးခံရတယ်ဆိုတော့ အသစ်နဲ့အဟောင်း အချိုးအစား အကြမ်းဖျင်းပေါ့လေ။ အတိအကျတော့ တွက်ထားပြီးသား ဟုတ်ချင်မှဟုတ်မှာပေါ့။ လူငယ်တွေ၊ လူသစ်တွေ၊ မျက်နှာသစ်တွေ ဒီအမှုဆောင်သစ်ထဲမှာ ပါလာလားခင်ဗျ။ ဖြေ - မှန်ပါတယ်။ ကျနော့်အနေနဲ့ ဒု-ဥက္ကဋ္ဌအနေနဲ့ ယခင်ကလည်း တောက်လျှောက် ဆောင်ရွက်ခဲ့တာပေါ့နော်။ ဒီ ပြန်ပြီးအရွေးခံရတဲ့နေရာမှာလည်း လူဟောင်းတွေလည်း တော်တော်ပြန်ပါသလို လူသစ်၊ မျက်နှာသစ်၊ လူငယ်ပိုင်း၊ လူလတ်ပိုင်းတွေလည်း တော်တော်ပါလာတယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ တော်တော်လေးကို လူငယ်တွေ ပါလာတဲ့အတွက် တကယ့်ကောင်းတဲ့ Team တခုအနေနဲ့ ကျနော်မြင်ပါတယ်။ မေး - လာမယ့် ကိုယ်တာဝန်ယူထားတဲ့ အမှုဆောင်အဖွဲ့ ကာလအတောအတွင်းမှာပေါ့လေ။ ဘယ်လိုမျိုးလုပ်ငန်းတွေ ဦးစားပေးလုပ်မယ်လို့ အကြမ်းဖျင်း စဉ်းစားထားတာ ရှိသေးလားဗျ။ ဖြေ - အသင်းသူ၊ အသင်းသားတွေက အားပေးပြီးတော့ ဥက္ကဋ္ဌရာထူးကို ကျနော့်များ တာဝန်ပေးမယ်ဆိုရင် ကျနော်လည်း ဘာတွေလုပ်မလဲဆိုတာ နဂိုကတည်းက ကျနော် စဉ်းစားထားတဲ့အချက်တွေ ရှိပါတယ်။ နံပါတ် ၁ အချက်က ကျနော်တို့မှာ အဓိကအားနည်းသွားတဲ့ အသင်းအဖွဲ့မှတ်တမ်း စည်းမျဉ်းကြီးကို ပထမဆုံး ပြုပြင်ဖို့အတွက် ဥပဒေပညာရှင်တွေနဲ့၊ ကျနော်တို့ တခြားနိုင်ငံမှာလုပ်တဲ့ Chamber Laws တွေ၊ CCI Laws တွေပေါ်မှာ အခြေပြုပြီး ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် အချက်တွေကို ပြုပြင်သွားမယ်ပေါ့။ အဲဒါကို AGM ခေါ်ပြီး အသင်းသူ၊ အသင်းသားတွေကို အသိပေးပြီးတော့ ဒါကို ဆောင်ရွက်သွားမယ်လို့ ပထမဦးစွာ ပြောချင်ပါတယ်။ ဒုတိယအဆင့်အနေနဲ့ကတော့ ကျနော်တို့က နိုင်ငံတော်နဲ့ ပုဂ္ဂလိကကဏ္ဍမှာ ကျနော်တို့ Base တခုအနေနဲ့ ပူးပေါင်းတံတားသဖွယ် လုပ်ပေးနေရတဲ့အခါမှာ ကျနော်တို့ ဘာပြောပြော နိုင်ငံတော်လည်း ကျနော်တို့ကို အသိအမှတ်ပြုတဲ့ အဖွဲ့အစည်းတခုဖြစ်အောင်လို့ ကျနော်တို့က ဆောင်ရွက်ချင်ပါတယ်။ ကျနော်တို့က မှန်ကန်တိကျတဲ့ Research တွေနဲ့ Position Paper တွေ ရေးပြီး ပြုစုပြီးတော့ ကျနော်တို့ နိုင်ငံတော်ကို တောက်လျှောက်အကြံပြုသွားမှာ ဖြစ်ပါတယ်။ လတ်တလောလည်း ကျနော်တို့ အမှန်အတိုင်းပြောရရင် စီးပွားရေးတွေဟာ အများက အပြင်မှာ ပြောနေကြတဲ့ အပေါ်မှာ ဘယ်လိုလုပ်ရမလဲဆိုတာ အမြန်ဆုံး ကျနော်တို့အဖွဲ့တွေ ညှိနှိုင်းတိုင်ပင်ပြီးတော့ Sector Wide တက်လာအောင်လို့ ကျနော်တို့ နိုင်ငံတော်ကို အကြံပြုသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ မေး - ဟုတ်ကဲ့။ အစိုးရကရော UMFCCI ရဲ့ အခန်းကဏ္ဍကို ယခင်ထက်ပိုပြီးတော့ အသိအမှတ်ပြုတာမျိုးတို့၊ ပိုနေရာပေးလာတာမျိုးတို့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဒီထက်ပိုပြီးတော့ မြှင့်တင်လုပ်ချင်တဲ့ဆန္ဒ ရှိတာမျိုးတွေ အဲဒါမျိုးတွေရော ဒီဘက်က မှန်းလို့ရလား။ ဖြေ - အသစ်တင်မြှောက်လိုက်တဲ့ အမှုဆောင်သစ်ရဲ့ လုပ်ရည်ကိုင်ရည်ပေါ်မှာ အများကြီးတည်ပါတယ်။ နိုင်ငံတော်လည်း အကြံပြုချက်တွေ များများလုပ်ပေးနိုင်တယ်။ ကျနော်တို့ရဲ့ UMFCCI က ဦးဆောင်အသင်းချုပ်ကြီး ဖြစ်တဲ့အတွက် ပုဂ္ဂလိကကဏ္ဍ၊ စီးပွားရေးကဏ္ဍ တခုလုံးမှာရော ဦးဆောင်အသင်းအနေနဲ့ ကျနော်တို့က နိုင်ငံတော်ကို အကောင်းဆုံး အကြံပြုမယ်ဆိုရင် အသိအမှတ်ပြုလာမှာပါ။ ဒီအတွက်လည်း ညီညီညွတ်ညွတ်နဲ့ အားလုံးပူးပေါင်းပြီးတော့ တကယ့်ထိရောက်တဲ့ ၀န်ဆောင်မှုတွေကို ကျနော်တို့က လုပ်မှသာလျှင် နိုင်ငံတော်ကလည်း အကြံပြုမှာ ဖြစ်တဲ့အတွက် ဒါလေးတွေ ဆောင်ရွက်သွားမယ်။ နောက်တခုကလည်း အရေးကြီးနေတဲ့ ကျနော်တို့ လုပ်ငန်းရှင်များချည်းဖွဲ့တဲ့ Employer Organization ဆိုတာကြီးကိုလည်း ဖွဲ့ဖို့လိုအပ်မယ်။ အထူးသဖြင့် ကျနော်တို့နိုင်ငံမှာရှိတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် SME Association တွေလည်း တနိုင်ငံလုံး ဖြန့်ကြက်ပြီးတော့ ဖွဲ့စည်းပြီးတော့ လိုအပ်ချက်တွေ ကူညီသွားပါမယ်။ မေး - လောလောဆယ် SME အဖွဲ့ထဲက Association တွေပေါ့လေ။ အဲဒါက ဒီ UMFCCI ထဲမှာ ပါနေတာရှိလား။ မပါသေးဘူးလား။ ဖြေ - ပါပါတယ်။ ပါတယ်ဆိုတာက Sector Wide Trade Association တွေမှာ သူတို့အများစုက သူတို့ရဲ့အသင်းဝင်တွေဟာလည်း SME တွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ဒီထက်ပိုပြီးတော့ ထိရောက်အောင် Specific Association တွေနဲ့ SME တွေကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ မေး - အစိုးရကို သုတေသနစာတမ်းတွေ လုပ်ပြီးတော့မှ တင်ပြမှာ ဘာညာရှိတယ်။ ဆိုတော့ UMFCCI အသင်းချုပ်ဘက်က လုပ်ချင်တဲ့ လုပ်ငန်းစဉ်တွေ အစိုးရကို တင်ပြထားပြီးသားလား ရှိလား။ မတင်ပြထားဘူးဆိုရင်လည်း ဘယ်အချိန်မှာ တင်ပြဖို့ရှိလဲ။ ဖြေ - တကယ်တမ်းကျတော့ တောက်လျှောက် ကျနော်တို့ တင်ပြခဲ့တာတွေလည်း ရှိပါတယ်။ အခုလည်း ဆက်လက်ပြီးတော့ ဒေတာပိုပြီး တိကျပြီးတော့ အစိုးရလိုချင်တဲ့ အခုချမှတ်ထားတဲ့ စီးပွားရေးမူဝါဒ ၁၂ ချက်ပေါ် အခြေပြုပြီးတော့ အမြန်ဆုံး ကျနော်တို့ ဒီနှစ်လ၊ သုံးလအတွင်းမှာ ပြုစုပြီးတော့ တင်ပြဖို့ ကျနော့်အနေနဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ မေး - အဲဒီ စီးပွားရေးမူဝါဒ ၁၂ ချက်ဆိုတာက ဘယ်ကချမှတ်ထားတဲ့ စီးပွားရေးမူဝါဒကို ပြောတာလဲ။ ဖြေ - အခု နိုင်ငံတော် လက်ရှိအစိုးရသစ်အနေနဲ့ ချမှတ်ထားတာ ဖြစ်ပါတယ်။ အဓိကလည်း ကျနော် ပုဂ္ဂလိကကဏ္ဍ အရေးကြီးတယ်။ နိုင်ငံတော်ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုဟာ ပုဂ္ဂလိက စီးပွားရေး တိုးတက်မှပဲ နိုင်ငံ့စီးပွားရေး ပိုပြီးတိုးတက်မှာ ဖြစ်တဲ့အတွက် ဒီဟာကို ကျနော်တို့ ဦးစားပေးပြီးတော့ နိုင်ငံတော်ကို အကြံပြုပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မေး - ခုနကပြောသွားတဲ့အထဲမှာ Employer Association ဆိုပြီးတော့လေ။ ဆိုတော့ အခု UMFCCI က အဲဒီလိုမျိုး Employer Organization လို့ ပြောလို့ရလား၊ ဒါမှမဟုတ် အသစ်ဖွဲ့စည်းမယ့် Organization မှသာလျှင် Employer Association ဖြစ်မှာလား။ ဖြေ - အမှန်က Employer Organization က ရှိပြီးသားပါ။ သို့သော်လည်း အလုပ်ရှင်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ညှိနှိုင်းပြောဆိုတဲ့အခါမှာ Employer ဘက်က တချို့လည်း အားနည်းခဲ့တာ ရှိပါတယ်။ ဒီဘက်မှာတော့ Employer အလုပ်သမားသမဂ္ဂတွေ ရှိတယ်ပေါ့လေ။ Employer Organization ဆိုပြီးတော့ သီးခြားသတ်သတ် လုပ်ငန်းရှင်တွေနဲ့ မျှတစွာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နိုင်ဖို့အတွက်လည်း လိုအပ်တာဖြစ်တဲ့အတွက် ဒါကိုလည်း သီးခြားဖွဲ့စည်းဖို့လည်း ကျနော့်အနေနဲ့ အကြံရှိပါတယ်။ မေး - တခြားနိုင်ငံတွေရဲ့အတွေ့အကြုံအရပေါ့လေ။ အဲဒါ ဘာလဲဆိုတော့ Employer Association ရှိတယ်။ Employee Association ရှိတယ်ပေါ့နော်။ အလုပ်သမားသမဂ္ဂတွေ ဘာတွေ ရှိတယ်ပေါ့နော်။ ပြီးတော့မှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ILO) ကို သွားတဲ့နေရာမှာ Employer ကိုယ်စားလှယ်ရော၊ Employee ကိုယ်စားလှယ်ရော၊ အစိုးရကိုယ်စားလှယ်ရော သုံးပွင့်ဆိုင်သွားတာမျိုး တွေ့ရတယ်ပေါ့နော်။ အဲဒီတော့ UMFCCI အနေနဲ့ရော အဲဒါမျိုး ILO ကို သွားတဲ့ Deligation တွေမှာ ပါတာတွေ ရှိလားခင်ဗျ။ ဖြေ - ပါပါတယ်။ ကျနော်တို့ တောက်လျှောက် ILO မှာ သွားပြီးတော့။ ကျနော်ဆိုရင်လည်း တကြိမ် ILO Organization ကို အလုပ်ရှင်ကိုယ်စားလှယ်အဖြစ် တက်ဖူးပါတယ်။ အမှန်တော့ အဲဒါက သုံးပွင့်ဆိုင် လုပ်ကိုလုပ်ရမှာပါ။ ကျနော်တို့ UMFCCI က ဟိုတုန်းက Employer Organization တွေ သီးခြားမရှိတဲ့အတွက် UMFCCI ကိုတော့ အသိအမှတ်ပြုပြီးတော့ တောက်လျှောက် ဖိတ်ခေါ်ပြီးတော့ သွားခဲ့တာဖြစ်တယ်။ အခုလည်း ဆက်လက်ပြီးတော့ မဖွဲ့ခင်စပ်ကြားမှာ UMFCCI ကိုလည်း ဒီ Employer Organization အနေနဲ့ပဲ အသိအမှတ်ပြုပြီး လုပ်သွားဖို့လည်း ကျနော်တို့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ မေး - ဟုတ်ကဲ့။ အလုပ်သမား အလုပ်ရှင် ဆက်ဆံရေးက သဟဇာတဖြစ်နေတော့မှ နှစ်ဘက်စလုံးက အကျိုးရှိတာကိုး။ အဲဒါမျိုးဖြစ်အောင် လုပ်တဲ့နေရာမှာ နှစ်ဘက်စလုံးက ထိပ်တိုက်တွေ့မယ့်အစား တွေ့ဆုံဆွေးနွေး ညှိနှိုင်းစကားပြောတာ ရှိတယ်လေ။ ကျနော်တို့နိုင်ငံမှာကျတော့ တွေ့ခဲ့ရတဲ့ကာလတွေမှာ တချို့ အထူးသဖြင့် အလုပ်သမားတွေဘက်ကပေါ့နော်။ အလုပ်သမားသမဂ္ဂတွေက သပိတ်မှောက်တာ၊ ဆန္ဒပြတယ်။ အလုပ်ရှင်နဲ့ အငြင်းအခုံတွေ ဖြစ်ကြတာတွေ ရှိတယ်ပေါ့နော်။ အဲဒါမျိုးနေရာတွေမှာရော ဒီ UMFCCI အသင်းချုပ်အနေနဲ့ ပါဝင်ကူညီညှိနှိုင်း အဖြေရှာပေးတာမျိုးတွေ လုပ်ပေးနိုင်မယ်လို့ ထင်ပါသလား။ ဖြေ - မှန်ပါတယ်။ ဒါ ကျနော်တို့လည်း လုပ်လည်းလုပ်လျက် ရှိပါတယ်။ အလုပ်သမား ပြဿနာ၊ အငြင်းအခုံဖြစ်တဲ့ ကိစ္စမျိုးတွေ ဖြေရှင်းပေးတဲ့ ကော်မတီတွေမှာလည်း ကျနော်တို့ဆီက အလုပ်ရှင်လေးတွေ တော်တော်များများ ပူးပေါင်းပါဝင်ပြီးတော့ ဖြေရှင်းပေးနေတာ ဖြစ်ပါတယ်။ အဓိက ကျနော်တို့ အသင်းချုပ်နဲ့လည်း တောက်လျှောက် အလုပ်သမားဘက်က တင်ပြချက်တွေအပေါ်မှာ လိုက်လျောလို့ရတဲ့ဟာကို ကျနော်တို့ အလုပ်ရှင်တွေက ညှိနှိုင်းပြီးတော့ ဆောင်ရွက်ပေးမယ်။ နောက် အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေကိုလည်း ကျနော်တို့ အလုပ်သမားတွေနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ အကောင်းဆုံး အဖြေရအောင် ဆောင်ရွက်သွားဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။ မေး - မြန်မာငွေကြေးဈေး အတက်အကျက တိုင်းပြည်စီးပွားရေး ဘက်ပေါင်းစုံ ရိုက်ခတ်တယ်ပေါ့နော်။ ဆိုတော့ အဲလို ငွေကြေးအင်စတီကျူးရှင်းတွေ။ မြန်မာနိုင်ငံမှာ ဗဟိုဘဏ် ဖြစ်ရင်ဖြစ်မယ်။ နိုင်ငံတကာမှာဆိုလည်း နိုင်ငံတကာ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ ဖြစ်လိမ့်မယ်။ အဲဒါမျိုးတွေနဲ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးပြီးတော့မှ မြန်မာနိုင်ငံ ငွေကြေးမတည်မငြိမ်ဖြစ်မှုကိစ္စကို နည်းလမ်းရှာ အဖြေရှာမယ်ဆိုတာမျိုး စဉ်းစားချက်များ ရှိလားခင်ဗျ။ ဖြေ - မှန်ပါတယ်။ အရေးကြီးပါတယ်။ ဒီဟာ ကျနော်တို့ရဲ့ Stable ဖြစ်ဖို့ပေါ့နော်။ ကျနော်တို့ Exchange Rate တွေက အရေးကြီးပါတယ်။ ဒီအတွက်ကိုလည်း Central Bank လိုဟာမျိုး၊ Finance Ministry ပေါ့။ အဲဒီပုဂ္ဂိုလ်တွေ၊ Ministry တွေနဲ့လည်း ညှိနှိုင်းပြီးလုပ်ရမှာ ဖြစ်ပါတယ်။ အဓိကက ကျနော်တို့ Exchange Rate တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ဆိုတာ Inflation နဲ့လည်း ပတ်သက်ပါတယ်။ Inflation တွေ မတက်အောင်လို့ ကျနော်တို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ Inflation တည်ငြိမ်မှသာလျှင် အလုပ်သမားတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ သူတို့ရဲ့ ရပ်တည်မှုဟာလည်း အများကြီး အရေးကြီးတဲ့အတွက် ပူးပေါင်းပြီးတော့ Central Bank ကိုလည်း အတတ်နိုင်ဆုံး Monetary Physical Policy ကိုလည်း ပြန်ပြီးပြင်ဆင်ပြီးတော့ သူတို့အနေနဲ့ အကောင်းဆုံးသော ဥပဒေတရပ်ကိုလည်း ပြဋ္ဌာန်းနိုင်ဖို့၊ ပုဂ္ဂလိကကဏ္ဍရဲ့ အကြံပြုချက်တွေကိုလည်း ဆက်လက်ပြီးတော့ တင်ပြဆောင်ရွက်သွားမှာပါ။ မေး - ဟုတ်ကဲ့။ အဲဒီနေရာမှာ UMFCCI က အရေးကြီးတဲ့ အခန်းကဏ္ဍ ပါဝင်ကူညီ ပံ့ပိုးနိုင်လိမ့်မယ် ယုံကြည်လား။ ဖြေ - ယုံကြည်ပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ယခင်ကတော့ အားနည်းခဲ့ပါတယ်။ Financial Sector ကို ကျနော် အကြံပေးတယ်။ သို့သော်လည်း မြင်တဲ့အတိုင်းပဲ။ အခု အရေးကြီးတယ်ဆိုတဲ့ တချို့က ထောက်ပြလာတဲ့အတွက် ဒီဟာကို ကျနော် အရေးကြီးတဲ့ Sector တခုအနေနဲ့ Financial Sector အတွက်ကို လိုအပ်တဲ့ အကြံပြုချက်တွေကိုလည်း ကျနော်တို့ ဆောင်ရွက်သွားမှာပါ။ မေး - ခုနက အကြမ်းဖျင်း ကျနော်တို့ ကြားလိုက်ရတဲ့ထဲမှာပေါ့လေ။ အစိုးရနဲ့ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားမလဲ ဆိုတာတော့ အကြမ်းဖျင်း ကြားလိုက်ရတယ်ပေါ့နော်။ အသေးစိတ်အစီအစဉ်ကိုတော့ ဆွဲရဦးမှာပေါ့နော်။ အဲဒါမျိုးလည်း မြန်မာအစိုးရနဲ့ အဲလို ဆက်ဆံဆောင်ရွက်မှု ရှိသလိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပေါ့။ ကိုယ့်ရဲ့ Counterpart။ နိုင်ငံတကာမှာရှိတဲ့ အဖွဲ့ချုပ်လိုမျိုး Counterpart တွေနဲ့ရော ဒီလိုမျိုး၊ ပြီးတော့ နိုင်ငံခြား တကယ့် ကုန်သည်အဖွဲ့ကြီးတွေနဲ့ရော ပူးပေါင်းဆောင်ရွက်ဖို့တို့၊ အကြံဉာဏ်တောင်းဖို့တို့ အဲဒါမျိုး အစီအစဉ်ရောရှိလား။ ဖြေ - သေချာတာပေါ့။ ရှိပါတယ်။ လက်ရှိလည်း ကျနော်တို့ အာဆီယံ CCI Chamber Commercial အဖွဲ့ဝင်လည်း ဖြစ်တယ်။ နောက် British Council တို့၊ East Asia British Council မှာလည်း လက်ရှိ ကျနော်တို့ ဥက္ကဋ္ဌတွေ၊ ဒု-ဥက္ကဋ္ဌတွေ၊ အမှုဆောင်တွေကလည်း ပူးပေါင်းပါဝင်ပြီး ဆောင်ရွက်နေသလို နိုင်ငံတကာမှာရှိတဲ့ Chamber တွေနဲ့ MOU တွေ နားလည်မှုစာချွန်လွှာ ၈၀ ကျော် ထိုးထားပါတယ်။ အဲဒါတွေနဲ့ ချိတ်ဆက်ပြီးတော့ Networking ကောင်းကောင်းနဲ့ အပြန်အလှန် ကျနော်တို့ ပူးပေါင်းပြီးတော့ Private Cycle Development ဘက်ကို ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ အများကြီး ရှိပါတယ်။ မေး - အန်အယ်လ်ဒီအစိုးရလက်ထက်မှာပေါ့လေ။ တချို့က ပြောတာကတော့ ကောင်းတဲ့ဟာတွေ အများကြီးရှိသလို သူတို့လည်း စိန်ခေါ်မှုတွေလည်း အများကြီး ရင်ဆိုင်နေကြရတယ်။ ငြိမ်းချမ်းရေးကိစ္စလိုဟာမျိုး၊ အများကြီး အများကြီးပဲ။ ဒါပေမယ့် အဲဒီထဲမှာ သူတို့ကို ဝေဖန်တဲ့တချက်က အစိုးရကိုယ်တိုင်လည်း ဝေဖန်ထားတယ်။ စီးပွားရေးက ထိုးကျလာတယ်ပေါ့လေ။ အထူးသဖြင့် ဆောက်လုပ်ရေးကဏ္ဍတွေမှာ။ တချို့ ဆောက်လုပ်ရေးပရောဂျက်တွေ ရပ်သွားတဲ့အတွက် လူတွေ အလုပ်အကိုင် မရကြဘူး။ ပြီးတော့ အဲဒီအခါမှာ Supply Line မှာရှိတဲ့ ကုမ္ပဏီစီးပွားရေးလုပ်ငန်းတွေကလည်း လာထိခိုက်တယ်လို့ ပြောလာကြတယ်။ ပြီးတော့ တခြား Tourism နဲ့ စားသောက်ကုန် စားသောက်ဆိုင်လုပ်ငန်းတွေမှာလည်း ထိုးကျတာတို့။ အစိုးရဘက်က တချို့ တာဝန်ရှိသူတွေက ထုတ်ပြောတာတွေ ကျနော်တို့ ကြားနေရပါတယ်။ အဲဒါမျိုး စီးပွားရေးကျနေတဲ့ဟာကိုရော UMFCCI အနေနဲ့ ဘယ်လိုသုံးသပ်သလဲ။ အဲဒါကို ဘယ်လိုမျိုး ကျော်လွှားနိုင်မယ်လို့ စဉ်းစားထားတာမျိုးတွေ ရှိလဲခင်ဗျ။ ဖြေ - ဦးခင်မောင်ဝင်းပြောတာ မှန်ပါတယ်။ နိုင်ငံတော်အစိုးရကိုယ်တိုင် တချို့ သူတို့ ၀န်ခံခဲ့တာရှိသလို ခုက ကျနော် အဖွင့်မှာလည်း ပြောခဲ့ပါတယ်။ ကျနော်တို့တွေရဲ့ စီးပွားရေးတွေ တိုးတက်မှု နှေးကွေးပြီးတော့ ဘာမှ ဆက်ပြီးတော့။ အဲဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်း ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် ကျနော်တို့ရဲ့ စီးပွားရေးလောကမှာရှိတဲ့ လုပ်ငန်းတွေက အစိုးရသစ် အကူးအပြောင်းကာလလည်း ဖြစ်တာတကြောင်း၊ ဒီအပေါ်မှာ စောင့်ကြည့်နေတဲ့ ပေါ်လစီတွေ ဘာတွေများ ဖြစ်လာမလဲပေါ့။ အဲဒါကို စောင့်ကြည့်ရင်းနဲ့ စီးပွားရေးတွေ ရပ်တန့်သွားတာတကြောင်း ဖြစ်တယ်။ နောက်တခု အထူးသဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုက တော်တော်လေး စိုးရိမ်ရတယ်။ Infrastructure က မပြည့်စုံဘူး။ EEC ကလည်း မကြာမီ ဖွင့်လာတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ ထုတ်လုပ်မှုတွေ စရိတ်စကတွေက မြင့်တက်နေတယ်။ နောက်ပြီးတော့ နယ်စပ်ကနေ တင်သွင်းလာတဲ့ Illicit Trade တွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ တော်တော်လေး ခံစားရတယ်။ အဲဒါတွေကြောင့် ယှဉ်ပြိုင်နိုင်မှု အခက်အခဲတွေ ဖြစ်ခဲ့တယ်။ စက်ရုံတွေက အလုပ်သမား လျှော့တဲ့ပြဿနာတွေ ဖြစ်လာတဲ့အခါမှာ သူတို့ရဲ့ နေရေးထိုင်ရေး။ ကျနော်တို့ရဲ့ Purchasing Power လည်း ကျဆင်းတဲ့အတွက် စီးပွားရေးက ကျလာတယ်။ ကျနော်တို့ ထင်ပါတယ်။ မေး - အခု ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ရက်ပိုင်းက အင်္ဂလန်သွားတယ်။ ပြီးတော့မှ အမေရိကန်ပြည်ထောင်စု ဆက်သွားကြတယ်။ တော်တော်များများ နိုင်ငံ့ခေါင်းဆောင်တွေပေါ့လေ။ တခြားနိုင်ငံသွားတဲ့အချိန်မှာ တကယ့်ကို အသင်းချုပ်လိုဟာမျိုးပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွဲသွားပြီးမှ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံစကားပြောတာမျိုးတွေ သူများနိုင်ငံတွေရဲ့ အလေ့အထအရ ကျနော် တွေ့ရတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာရော UMFCCI ရဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ လိုက်ပါနိုင်တာမျိုး ရှိသလားဗျ။ ဖြေ - ဒီတခေါက်ကတော့ ကျနော့်အမြင် သိပ်မပါသွားဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါလည်း နိုင်ငံအတွက် အရေးကြီးတဲ့ တခြားကိစ္စရပ်တွေ ဆွေးနွေးဖို့ သွားတာပေါ့လေ။ သို့သော်လည်း သွားရင်းနဲ့ပဲ ဟိုဘက်က အမေရိကန် ကုန်သည်ကြီးများအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ကြားသိရပါတယ်။ နောင်ဆိုရင် ကျနော် ထင်ပါတယ်။ ကျနော်တို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကို အသိအမှတ်ပြုလာပြီးရင် သူတို့နဲ့ နိုင်ငံခြားခရီးစဉ်တွေမှာ ကုန်သည်တွေကို ခေါ်သွားပြီးတော့ ဟိုမှာ အပြန်အလှန် စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ကျနော်ထင်ပါတယ်။ တွေ့ဆုံမေးမြန်းသူ - ခင်မောင်ဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024