ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် စေတီတဆူပြိုကျ
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 22, 2016
ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကနီမြို့အထက်ဘက် ရေမိုင် ၂၀ ခန့်အကွာရှိ အုမ္မကျေးရွာမှ ဆုတောင်းပြည့်စေတီရဲ့ အရံစေတီငယ် ၆ ဆူရှိတဲ့အထဲက စေတီငယ် တဆူ မြစ်ရေတိုက်စားမှုကြောင့် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပြိုကျခဲ့ပါတယ်။
လွန်ခဲ့တဲ့ တလခန့်ကလည်း အုမ္မရွာမှာ မြစ်ရေတိုက်စားလို့ နေအိမ် ၁၀ လုံးအထိ ပြောင်းရွှေ့ခဲ့ရပါတယ်။
လက်ရှိမှာတော့ ရေတိုက်စားခံနေရတဲ့ ကမ်းပါးကို ရွာသားတွေရဲ့အကူအညီနဲ့ ရေကာတာရိုက်တာတွေ၊ သဲအိတ်ချတာတွေဆောင်ရွက်နေတယ်လို့ ကနီမြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဝင်းဇော်ခိုင်က ဒီဗွီကိုပြောပါတယ်။
ကမ်းပါးပြိုကျမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကိုတော့ အကြောင်းကြားထားပြီးပြီ၊ ကူညီဆောင်ရွက်ပေးခြင်းတော့ မရှိသေးဘူးလို့ပြောပါတယ်။
အုမ္မရွာသစ်၊ ရွာဟောင်းအိမ်ခြေ ၃၀၀ ကျော်ရှိပါတယ်။ ကမ်းပါးပြို အလျားမှာ ပေ ၁၈၀၀ ကျော်ရှိပြီး အမြင့် ၂၅ပေလောက်ရှိပါတယ်။
ဆက်လက်ပြိုကျနိုင်တဲ့ အရံစေတီ နှစ်ဆူရှိပြီး လူနေအိမ်အချို့လည်း ရွှေ့ပြောင်းနေဆဲဖြစ်တယ်လို့ အုမ္မကျေးရွာမှ ဂရုဏာလက် လူမှုကူညီရေးအသင်း ဦးဆောင်နေသူ ကိုမျိုးဦးက ဒီဗွီဘီကိုပြောပါတယ်။