Home
မြန်မာသတင်း
ဖြူးတရားရုံးထဲတွင် စကေဘာနှင့်အထိုးခံရသည့်တရားလိုအခြေအနေ စိုးရိမ်ရ
အာကာ
·
September 22, 2016
ဖြူးတရားရုံးထဲမှာ သုံးမြှောင့်ချွန် စကာဘာနဲ့အထိုးခံခဲ့ရတဲ့ Myanmar Asia Express Trading ကုမ္ပဏီ ဥက္ကဋ္ဌကို ရန်ကုန်ဆေးရုံကြီးမှာ အတွင်းလူနာစိုးရိမ်ရအခြေအနေနဲ့ ကုသနေရပါတယ်။ Myanmar Asia Express Trading ကုမ္ပဏီ ဥက္ကဋ္ဌဦးဝင်းနိုင်ကတရားလိုပြုစွဲဆိုထားတဲ့ အမှုတခုအတွက် စက်တင်ဘာလ ၂၀ ရက်နေ့က တရားရုံးကိုလာရောက်စဉ် အမည်မသိ အသက်၂၀ ဝန်းကျင် အမျိုးသားတဦးက အခုလို စကောဘာနဲ့ ထိုးသွားတာပါ။ သူ့ကို စက်တင်ဘာလ ၂၀ ရက်နေ့ညမှာ ဖြူးကနေ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ ၄ နာရီကြာခွဲစိတ်ကုသထားရပြီး လက်ရှိအချိန်ထိ အတွင်းလူနာ စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေသေးတယ်လို့သိရပါတယ်။ ဦးဝင်းနိုင်ရဲ့မိသားစုဝင်က “ထိုးတဲ့သူက ၁၅ ချက် လောက်ထိထိုးတယ်။ ဒါပေမယ့် ရုန်းကန်ရင်းနဲ့ ၄ ချက်အထိုးခံလိုက်ရတယ်။ ဆရာဝန်ကြီးတွေအပြောအရ ၂ ချက်က အတော်အခြေနေဆိုးတယ်။ အတွင်းကလီစာ ထိသွားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ တရားခံလို့ယူဆရသူဟာ စကောဘာနဲ့ ထိုးပြီးပြီးချင်း အသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားပြီး အခုချိန်ထိ ထွက်ပြေးတိမ်းရှောင်နေပါတယ်။ ဦးဝင်းနိုင်ရဲ့ရှေ့နေက “ဖြူးရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ တရားခံကိုတော့ မမိသေးဘူး။ စကေဘာနဲ့ထိုးတဲ့ကောင်လေးက ဦးဝင်းနိုင်ကို အသင့်စောင့်ပြီးထိုးတယ်။ ပြီးတော့ ပြေးဖို့ဆိုင်ကယ်ကလည်း စက်နှိုးပြီး အသင့်စောင့်ဆိုင်းနေတာဖြစ်တဲ့အတွက် ဒါဟာ ကြိုတင်ကြံစည်မှုပါ” လို့ပြောပါတယ်။ ဦးဝင်းနိုင်ဟာ ပေါင်းတည်မြို့မှာနေသူတဦးကို ပုဒ်မ၄၀၆/၄၂၀ တို့နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024