ထင်ရှားသည့် တရုတ်လူ့အခွင့်အရေးရှေ့နေကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်

ဓာတ်ပုံ - Visual China Group
တရုတ်နိုင်ငံက ထင်ရှားတဲ့ လူ့အခွင့်အရေးရှေ့နေ ရှားလင်ကို လိမ်လည်မှုစွဲချက်တွေအတွက် တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။ သူ့ကို ဘေကျင်းရဲတွေက ၂၀၁၄ နိုဝင်ဘာမှာ ဖမ်းဆီးခဲ့တာပါ။ ရှားလင်ရဲ့ ဇနီးသည်ကတော့ အယူခံဝင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဘယ်လိုပဲ တရားစီရင်ပါစေ ခင်ပွန်းသည်က အပြစ်ကင်းတယ်ဆိုတာ ခိုင်ခိုင်မြဲမြဲ ယုံတယ်လို့လည်း သူက ပြောပါတယ်။ သူဟာ တရုတ်ရဲ့ လူသိအများဆုံး လူ့အခွင့်အရေးရှေ့နေ ပုကျိချိန်အတွက် အလုပ်လုပ်ပေးခဲ့ဖူးပါတယ်။ တိုင်းရင်းသား အမုန်းတရားကို မီးထိုးတယ်လို့ တရုတ်အစိုးရက စွပ်စွဲတဲ့စာတွေ အင်တာနက်ပေါ်မှာ ရေးတင်မှုအတွက် မနှစ်က သူ့ကို ဆိုင်းငံ့ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပါတယ်။ သူဟာ တရုတ်အစိုးရနဲ့ သဘောထားချင်း ကွဲလွဲသူ အနုပညာရှင် အိုင်ဝေဝေရဲ့ ဘေကျင်းယဉ်ကျေးမှုအတု တိုးတက်ရေး ကုမ္ပဏီကိုလည်း ကိုယ်စားပြု ရှေ့နေလိုက်ပေးခဲ့သူပါ။ ဘေကျင်းမြို့က တရားရုံးအမှတ် ၂ မှာ သူ့ကို ရုံးထုတ်ချိန် လုံခြုံရေး တင်းကျပ်ထားပြီး သတင်းထောက်တွေကိုလည်း ရုပ်သံရိုက်ကူးခွင့် ပိတ်ပင်ထားပါတယ်။ ရှားလင်က အမှုလိုက်ပေးဖူးတဲ့ လျူစုလင်ကတော့ တရားစီရင်ချက်ဟာ စတည်းက အူကြောင်ကြောင် ဖြစ်နေတယ်လို့ ပြောပါတယ်။ စွဲချက်တင်ထားတဲ့ လိမ်လည်မှုနဲ့ပတ်သက်တဲ့ ဘယ်လိုသက်သေကို တရားရုံးက သုံးသလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။ တရုတ်အစိုးရကတော့ သူ့ရဲ့ လူ့အခွင့်အရေးစံချိန်တွေအပေါ် ဝေဖန်ပြစ်တင်ချက်တွေကို ပယ်ချထားပါတယ်။ တရားဥပဒေစိုးမိုးရေးကိုသာ အလေးထားတယ်လို့လည်း ပြောပါတယ်။ ဒီတရားစီရင်မှုတွေဟာ မျှတမှုမရှိဘဲ နိုင်ငံရေးအရ အသုံးချနေတာလို့ နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်ပြစ်တင်ပါတယ်။ ဒါ့အပြင် အမေရိကန်ကလည်း ဖမ်းဆီးခံ ရှေ့နေတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးရေး ဆော်သြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up