စီဒီအမ်အေ ဖုန်းအချို့ လိုင်းပိတ်ခံရ
DVB
·
October 25, 2011
ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့က ‘စီဒီအမ်အေ’ လက်ကိုင်ဖုန်း တချို့ကို ဆက်သွယ်ရေးဌာနက ပိတ်ထားတယ်လို့ ဖုန်းအပိတ်ခံထားရသူတွေက ပြောပါတယ်။
ဖုန်းလိုင်း အပိတ်ခံထားရသူတဦးက “တချို့က ထိုင်းနိုင်ငံမှာ လုပ်ငန်းသွားလုပ်တဲ့သူတွေ ရှိတယ်လေ။ သူတို့က ထိုင်းဖုန်းနဲ့မြန်မာပြည်ကို မခေါ်တော့ဘူး။ ကြားမှာဘန်ကောက်မှာဆိုလည်း ဘန်ကောက်၊ မဲဆောက်မှာဆိုလည်း မဲဆောက်ပေါ့၊ ဖုန်းလုပ်စားတဲ့သူတွေရှိတယ်။ ယိုးဒယားဖုန်းတွေနဲ့ မြဝတီကိုပို့ထားတာ။ မြဝတီကနေမှတဆင့် စီဒီအမ်အေနဲ့ လိုင်းပြန်ခွဲပြီးတော့ ချိတ်ပေးလိုက်တာ။ မဲဆောက်ကပဲ ခေါ်ခေါ်၊ တခြားနေရာကပဲခေါ်ခေါ်ပေါ့” လို့ ပြောပါတယ်။
အခု အပိတ်ခံရတဲ့ ဖုန်းတွေဟာ ကျပ်ငါးသိန်းတန် စီဒီအမ်အေ 450MHz ဖုန်းတွေဖြစ်ပါတယ်။ အဲဒီရက်ပိုင်းအတွင်း မြဝတီမှာ လိုင်းပိတ်ခံရတဲ့ စီဒီအမ်အေဖုန်းပေါင်း ၁၀ လုံးကျော် ရှိပြီး မြဝတီမြို့နယ် ဆက်သွယ်ရေးရုံးကို မေးမြန်းတဲ့အခါ အထက်လူကြီး ညွှန်ကြားချက်ကြောင့် လိုင်းပိတ်တာ ဖြစ်ပြီး ပြည်နယ်ရုံးကို အသနားခံစာ တင်ပြနိုင်ပါတယ်လို့ ပြောကြောင်း ဖုန်းလိုင်းအပိတ်ခံရသူက ပြောပါတယ်။
‘စီဒီအမ်အေ’ ဟန်းဖုန်းတလုံးကို နေပြည်တော်မှာ ကျပ်ငါးသိန်း ပေးဝယ်ရပြီး မြဝတီမြို့ခံမှာတော့ ငါးသိန်းရှစ်သောင်းနှုန်းနဲ့ စတိုးဆိုင်က ဝယ်ထားကြတာပါလို့ဆိုပါ တယ်။
ဖုန်းဆက်ခအတွက်တော့ ကျပ် တသောင်း၊ နှစ်သောင်း၊ သုံးသောင်းတန် ကတ်တွေဝယ်ကြရပြီး ပြည်တွင်းဖုန်းခေါ်ခ တမိနစ်ကို ကျပ် ၅၀ ကျသင့်တယ်လို့ သိရပါတယ်။
ဒီဖုန်းပိုင်ရှင်တွေက နယ်စပ်ဖြတ်ကျော် သုံးစွဲလို့ ဆက်သွယ်ရေးက လိုင်းဖြတ်တယ်လို့ ဆိုတာကြောင့် ဘားအံမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်ရုံးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ကရင်ပြည်နယ် မိုဘိုင်းဖုန်း တာဝန်ခံ ဦးညာဏ်အေးက ခုလိုရှင်းပြပါတယ်။
“ကျနော်တို့ စီဒီအမ်အေ ရုံးချုပ်ကို ဘာအကြောင်းကြောင့်လဲလို့ မေးကြည့်တဲ့အခါကျတော့ နယ်ကျော်တာရယ်၊ နောက်ပြီးတော့ အဆက်များတယ်လို့ပြောတယ်။ နယ်ကျော်တယ်ဆိုတာ လိုင်းမိလို့ ကိုင်တာပေါ့လို့။ လိုင်းမမိဘဲ ၅ သိန်းကို အဆုံးခံပြီးကိုင်မှာမဟုတ်ဘူး။ အဆက်များတယ်ဆိုတာလည်း ဘာမှမရှိဘူး။ ပီစီအို ထိုင်တဲ့ဖုန်းလောက်တောင် မရှိဘူး။ တနေ့မှာ မိနစ် ၅၀- ၇၀ လောက်ပဲရှိတယ်။”
ထိုင်းဘက်က လုပ်ငန်းလုပ်နေသူတချို့က မြန်မာပြည်တွင်းကို ဆက်သွယ်တဲ့အခါမှာ ထိုင်းဖုန်းကနေခေါ်လိုက်ပြီး ဝန်ဆောင်ပေးနေသူတချို့က အလားတူ ထိုင်းဖုန်းနဲ့ လက်ခံပြီး မြန်မာဘက်က စီဒီအမ်အေဖုန်းကို ကြိုးနဲ့ထပ်ဆင့်ပွား ဆက်သွယ်ပြီး မြန်မာပြည်တွင်း မြို့တွေကို ဆက်သွယ်ပေးနေတာဖြစ်ကြောင်း ကရင်ပြည်နယ် မိုဘိုင်းဖုန်း တာဝန်ခံ က ရှင်းပြပါတယ်။
အဲဒီလို ဆင့်ပွားသုံးတာမျိုးကို ဆက်သွယ်ရေးက ခွင့်မပြုသလို ရန်ကုန် စီဒီအမ်အေ ရုံးချုပ်က ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကနေ ခြေရာခံနိုင်ကြောင်းလည်း ရှင်းပြပါတယ်။
ပြည်ပကနေ မြန်မာပြည်တွင်း ဖုန်းကို တိုက်ရိုက်ဖုန်းခေါ်ရင် ဥပမာ၊ ထိုင်းနိုင်ငံကနေ ခေါ်မယ်ဆိုရင် ဖုန်းကုမ္ပဏီ အလိုက် တမိနစ်ကို ပျမ်းမျှ ၁၂ ဘတ်ကနေ ဘတ် ၃၀ ဝန်းကျင်ထိ ကျသင့်ပါတယ်။
အခုဖော်ပြခဲ့တဲ့ နယ်စပ်တဆင့်ဖုန်းတွေကနေ ဆက်ရင်တော့ တမိနစ်ကို အများဆုံး ၆ ဘတ်နှုန်း ကျသင့်တယ်လို့ သိရပါတယ်။
အခု အဲဒီလိုဆက်သွယ်ပေးတဲ့ ဖုန်းအများစုကို ဆက်သွယ်လို့ မရတော့ဘူးလို့ ဖုန်းဆက်နေသူတွေက ပြောပါတယ်။