Home
မြန်မာသတင်း
ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး အရေးအကြီးဆုံးဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
DVB
·
September 22, 2016
မြန်မာနိုင်ငံဟာ ဆယ်စုနှစ် (၆) ခုကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံ ဖြစ်တဲ့အလျောက် ရေရှည်တည်တံ့တဲ့  ငြိမ်းချမ်းရေးနဲ့  အမျိုးသားရင်ကြားစေ့မှုရရှိရေးဟာ မြန်မာပြည်အတွက်  အရေးအကြီးဆုံးဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။ စက်တင်ဘာ ၂၁ ရက်က နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာအမျိုးသမီးတွေထဲ ပထမဆုံး မိန့်ခွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က  အရပ်သားအစိုးရ ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်အခြေအနေ၊ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်၊ ကမ္ဘာတ၀န်း ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းနေထိုင်သူများအရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ နျူကလီးယားဖျက်သိမ်း ရေး စတာတွေနဲ့ ပတ်သက်ပြီးလည်း ပြောကြားသွားပါတယ်။ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့  အမျိုးသားရင်ကြားစေ့မှုရရှိရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်တဲ့   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံကို မကြာသေးခင်က ကျင်းပခဲ့တာဖြစ်တယ်၊  ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုကို တည်ထောင်ရေးမှာ အားလုံးရဲ့ ရည်မှန်းချက်ဖြစ်တယ် ဒီရည်မှန်းချက်ကိုရောက်ရှိအောင် ဆောင်ကြဉ်းနိုင်တဲ့ နည်းလမ်းဟာ ငြိမ်းချမ်းရေးလမ်းစဉ်သာဖြစ်တယ်လို့ပြောသွားပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး ပြောကြားရာမှာတော့  နှစ်အနည်းငယ်ကစပြီး ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကမ္ဘာက အာရုံစိုက်လာကြောင်း၊  မြန်မာအနေနဲ့ တာဝန်သိတဲ့ နိုင်ငံတနိုင်ငံ အနေနဲ့ နိုင်ငံတကာက ဝေဖန်သုံးသပ်မှုတွေကို စိုးရွံ့နေမှာမဟုတ်ဘူးလို့ပြောပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို တည်ထောင်ခဲ့သလို ဒီလုပ်ငန်းတွေတွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ကြောင်း၊ ဆန့်ကျင်ကန့်ကွက်မှုအချို့ ရှိနေပေမယ့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ သဟဇာတရှိစေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ  တခဲနက် မဲပေးရွေးချယ်ခဲ့တာဟာ မိမိတို့ပါတီအား ထောက်ခံမှုကို ပြသခြင်းတစ်ခုတည်းမဟုတ်ဘ ယုံကြည်မှုနဲ့  မျှော်လင့်ချက်တွေကို အခြေခံတဲ့  နိုင်ငံရေး ယဉ်ကျေးမှုသစ်တရပ်ကို စတင်လိုက်ခြင်းဖြစ်တယ်လို့လည်းပြောသွားပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အခြေခံအဆောက်အဦများကဏ္ဍမှာ  ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပုဂ္ဂလိကဏ္ဍ၊ SME ကဏ္ဍတွေတိုးတက်ရေး အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ သဘာဝသယံဇာတတွေ ကာကွယ်ရေး၊ လူ့စွမ်းအားအရည်အချင်း မြှင့်တင်ရေးနဲ့ လူငယ်တွေအတွက် အခွင့်အလမ်းဖန်တီးပေးရေးတို့က  ဦးစားပေးရည်မှန်းချက်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အစွန်းရောက်အကြမ်းဖက်မှုလုပ်ရပ်တွေကို တိုက်ဖျက်ရာမှာ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းရပ်တည် ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ မြန်မာနိုင်ငံဟာ  နျူကလီးယားလက်နက်ကင်းမဲ့တဲ့ ကမ္ဘာဖြစ်စေရေးအတွက် ခံယူဆောင်ရွက်နေပြီး နယူးကလီးယားစမ်းသပ်မှုတားဆီးရေးဆိုင်ရာနိုင်ငံတကာစာချုပ်  Comprehensive Nuclear-Test- Ban Treaty (CTBT) ကို လက်မှတ်ရေးထိုးမယ်လို့လည်း ပြောကြားသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024