ဘန်ကောက်တွင် ဆောက်လက်စတိုက် ပြိုကျ၊ မြန်မာအလုပ်သမား ၁ ဦးသေဆုံး
DVB
·
September 21, 2016
ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကရပိနယ်မြေထဲမှာ စက်တင်ဘာ ၂၀ ရက် ညက ဆောက်လက်စ လေးထပ်တိုက်တလုံးပြိုကျပြီး မြန်မာအလုပ်သမားတဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အခင်းဖြစ်ပွားရာနေရာမှာ ခလောင်းကျန်ရပ်ကွက် ယိုးထင်းဖတ်ထနား အမှတ် ၃ လမ်း အိမ်အမှတ် ၁၄၈/၁၁ ဖြစ်ကာ အဆင်သင့်စီထားသော ကွန်ကရစ်နံရံကို တတိယထပ်ပေါ်သို့ တင်စဉ် တတိုက်လုံး ပြိုကျခဲ့တာလို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ လတ်ဖလောက်န ယ်မြေ ရဲစခန်းမှ ရဲမှူး ဆဒ်ဒီးဆစ်ထိက သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးနေတဲ့ အလုပ်သမားတဦးရဲ့အလောင်းကို ၃ နာရီကြာ ခက်ခဲစွာရှာဖွေ ထုတ်ယူခဲ့ ရကြောင်း ၊ စစ်ဆေးချက်အရ သေဆုံးသူမှာ မြန်မာအလုပ်သမားဖြစ်ကာ ဒဏ်ရာရသူ ၄ ဦးမှာ ထိုင်းတဦး၊ မြန်မာ ၂ ဦးနဲ့ အိမ်ဖော်တဦး ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူများရဲ့ အမည်တွေတော့ ဖော်ပြထားဖြင်းမရှိပါဘူး။ ဒဏ်ရာရသူတွေကို နုပ်ဖရတ်ဆေးရုံနဲ့ နွန်းမိန်းဆေးရုံသို့ ပို့ဆောင်ထားပြီး တိုက်ပြိုရတဲ့အကြောင်း ရင်းကို စုံစမ်းစစ်ဆေးဖို့ ရက် ၃၀ အတွင်း ချိတ်ပိတ်ထားမယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။
ဘန်ကရပိနယ်မြေစီမံရေးရုံး ညွှန်မှူး နိုင်းအဖိရုံးကျန်ထကွန်းကတော့ အဲဒီအိမ်ဟာ လွန်ခဲ့တဲ့ ၆ လက ခွင့်ပြုချက်ရထားခဲ့ပြီး တည်ဆောက်တာ ၂ ပတ်ကြာခဲ့ပြီဖြစ်ကြောင်း၊ အိမ်ဆောက်ရာမှာ ပုံမှန်အုတ်စီတာမဟုတ်ဘဲ အသင့်လုပ်ပြီးသားကွန်ကရစ်နံရံကို ဆင်ယူတာဖြစ်ကြောင်း၊ အထက်ကို တင်တဲ့အခါ ၀န်ချီအားမမျှလို့ ပြိုကျတာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။