ဘန်ကောက်တွင် ဆောက်လက်စတိုက် ပြိုကျ၊ မြန်မာအလုပ်သမား ၁ ဦးသေဆုံး

ဓာတ်ပုံ - http://manager.co.th/
ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ကရပိနယ်မြေထဲမှာ စက်တင်ဘာ ၂၀ ရက် ညက ဆောက်လက်စ လေးထပ်တိုက်တလုံးပြိုကျပြီး  မြန်မာအလုပ်သမားတဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ခလောင်းကျန်ရပ်ကွက် ယိုးထင်းဖတ်ထနား အမှတ် ၃ လမ်း အိမ်အမှတ် ၁၄၈/၁၁ ဖြစ်ကာ အဆင်သင့်စီထားသော ကွန်ကရစ်နံရံကို တတိယထပ်ပေါ်သို့ တင်စဉ် တတိုက်လုံး ပြိုကျခဲ့တာလို့ အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့တဲ့ လတ်ဖလောက်န ယ်မြေ  ရဲစခန်းမှ ရဲမှူး ဆဒ်ဒီးဆစ်ထိက  သတင်းထောက်တွေကို ပြောပါတယ်။ သေဆုံးနေတဲ့ အလုပ်သမားတဦးရဲ့အလောင်းကို ၃ နာရီကြာ ခက်ခဲစွာရှာဖွေ ထုတ်ယူခဲ့ ရကြောင်း ၊ စစ်ဆေးချက်အရ သေဆုံးသူမှာ မြန်မာအလုပ်သမားဖြစ်ကာ ဒဏ်ရာရသူ ၄ ဦးမှာ ထိုင်းတဦး၊ မြန်မာ ၂ ဦးနဲ့ အိမ်ဖော်တဦး ပါဝင်တယ်လို့ ဆိုပါတယ်။ သေဆုံးဒဏ်ရာရသူများရဲ့ အမည်တွေတော့ ဖော်ပြထားဖြင်းမရှိပါဘူး။ ဒဏ်ရာရသူတွေကို နုပ်ဖရတ်ဆေးရုံနဲ့ နွန်းမိန်းဆေးရုံသို့ ပို့ဆောင်ထားပြီး တိုက်ပြိုရတဲ့အကြောင်း ရင်းကို စုံစမ်းစစ်ဆေးဖို့ ရက် ၃၀ အတွင်း ချိတ်ပိတ်ထားမယ်လို့ ရဲအရာရှိက ဆက်ပြောပါတယ်။ ဘန်ကရပိနယ်မြေစီမံရေးရုံး ညွှန်မှူး နိုင်းအဖိရုံးကျန်ထကွန်းကတော့ အဲဒီအိမ်ဟာ လွန်ခဲ့တဲ့ ၆ လက ခွင့်ပြုချက်ရထားခဲ့ပြီး တည်ဆောက်တာ ၂ ပတ်ကြာခဲ့ပြီဖြစ်ကြောင်း၊ အိမ်ဆောက်ရာမှာ ပုံမှန်အုတ်စီတာမဟုတ်ဘဲ အသင့်လုပ်ပြီးသားကွန်ကရစ်နံရံကို ဆင်ယူတာဖြစ်ကြောင်း၊ အထက်ကို တင်တဲ့အခါ ၀န်ချီအားမမျှလို့ ပြိုကျတာဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up