Home
မြန်မာသတင်း
မဲသဝေါတိုက်ပွဲကြောင့် စစ်ရှောင်ဒုက္ခသည် ၂၀၀ ကျော် ထိုင်းဘက် ထွက်ပြေးခိုလှုံ
DVB
·
September 20, 2016
ကရင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်ပေးဖို့ မဲသဝေါဒေသ ကျေးရွာတွေကနေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံလာခဲ့ကြတဲ့ စစ်ရှောင်ဒုက္ခသည်တွေက စစ်ရေးပဋိပက္ခမှာ ပါဝင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို တောင်းဆိုလိုက်ပါတယ်။ မဲသဝေါရွာကနေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးလာတဲ့ ဒေါ်လုံးဘီက “မြန်မာ့တပ်မတော်၊ ဒီကေဘီအေ၊ ဘီဂျီအက်ဖ် ကရင်စစ်သားအတူတူပဲ။ မိသားစုလိုပဲ နေစေချင်တယ်။ တိုက်ပွဲကိုလည်း အမြန်ဆုံးရပ်စေချင်တယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တာပေါ့။ သူတို့တိုက်ပွဲဖြစ်တော့ ပြည်သူလူထု အများကြီး ဒုက္ခရောက်တယ်။ အထက်က တာဝန်ရှိတဲ့လူကို ပြောချင်တယ်။ ငါဆိုတဲ့ အတ္တရှိနေသရွေ့ မြန်မာနိုင်ငံ အေးချမ်းမယ်ဆိုတာ မရှိတော့ဘူး။ ဒါကြောင့်မို့ ငါဆိုတဲ့အတ္တကို ဖယ်ပစ်ဖို့ ပြောချင်တယ်။” ဒေါ်လုံးဘီဟာ မဲသဝေါဒေသက သကောင်ပွန်းဆိုတဲ့ ရွာမှာနေပြီး လက်ရှိ ထိုင်းနိုင်ငံဘက်ခြမ်းက မယ်သဝေါရွာကို လာရောက်ခိုလှုံနေတာပါ။ ထိုင်းနိုင်ငံဘက်ခြမ်းကို လာရောက်ခိုလှုံနေသူ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ကျော်ရှိတယ်လို့ မယ်သဝေါလေ့ခေါ်ထိ ကျောင်းတိုက်က ဆရာတော် ဦးတေဇနိယက မိန့်ပါတယ်။ “ဒီလူတွေက ဟိုဘက်ကမ်းမှာ အခက်အခဲ ကြုံနေရတဲ့အခါကျတော့ ဟိုအောက်ဘက်က ပစ်ခတ်နေကြတဲ့အခါကျတော့ သူတို့ ဟိုဘက်ကမ်းကနေ ကူးလာတာ။ ဒီကျောင်းမှာလာနေတာ။ လာတဲ့တကာမှန်သမျှကတော့ ဦးဇင်းကတော့ ကျွေးတာပေါ့။ သူတို့အခက်အခဲကြုံတာကိုး။ ဒီဘက်ကိုပြေးလာတာ အကုန်လုံး ၂၀၀ ကျော်လောက်ရှိတယ်။ ဦးဇင်းကျောင်းမှာက ၃၅ ယောက်ရှိတယ်။ ရွာထဲမှာတော့ မနည်းဘူးရှိသေးတယ်။ ကျွေးမွေးရတော့ စားစရာနဲ့ ပတ်သက်လာရင်တော့ ဆန်တို့ သောက်ရေကတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ ရှိသော်ငြားလည်း ဘုန်းဘုန်းကတော့ မနက်တိုင်း ဆွမ်းခံထွက်ပြီးတော့ ကျွေးတယ်။” အလားတူ တိုက်ပွဲကြောင့် ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာရတဲ့  ကိုယ်ဝန်ဆောင်အမျိုးသမီး မနန္ဒ၀င်းကလည်း “သူများပြေးတော့ ကိုယ်လည်းပြေးတာပေါ့။ ဗိုက်နဲ့လည်းဖြစ်တယ်လေ။ မနေရဲဘူး။ တိုက်ပွဲတော့ မဖြစ်စေချင်ဘူး။ အကုန်လည်း တည့်တည်မျှမျှ နေစေချင်တယ်။ တိုက်ပွဲဖြစ်ရင် လူတွေသေတာလည်း မမြင်ချင်ဘူး။ ဘယ်သူ့ကိုမှ အပြစ်မပြောချင်ဘူးလေ။ တိုက်ပွဲမဖြစ်ရင်တော့ ကောင်းတာပေါ့။ နဂိုကတည်းက တနေ့လုပ်မှ တနေ့စားရပါတယ်ဆိုနေမှ အခုတိုက်ပွဲဖြစ်တော့ အခက်အခဲ ကြုံရတာပေါ့။ အခုဘုန်းကြီးကျောင်းမှာလာနေလို့ တော်သေးတာပေါ့။ သူများကူညီလို့၊ မကူညီရင် တခုခုဖြစ်မှာ စိတ်ပူတယ်။” ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲသဝေါဒေသမှာ အစိုးရတပ်နဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး ဒီကေအေဘီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ တိုက်ပွဲကြောင့် မဲသဝေါဒေသ ကျေးရွာပေါင်း ၂၀ ကျော်က ရွာသား ၄၀၀၀ လောက် မြိုင်ကြီးငူဘက်မှာ ထွက်ပြေးခိုလှုံနေကြရသလို အိမ်နီးချင်း ထိုင်းနိုင်ငံ နယ်စပ်ဘက်ကိုလည်း စစ်ဘေးရှောင် ပြည်သူတွေ ရာနဲ့ချီ ထွက်ပြေးခိုလှုံနေကြရပါတယ်။ သတင်း - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024