အစိုးရတပ်က ဒီကေဘီအေကို ထိုးစစ်ဆင်
နော်နိုရင်း
·
October 24, 2011
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ခြေစိုက် အစိုးရတပ် ခမရ ၃၅၇ တပ်က ကော့ကရိတ်မြို့နယ် သဒ္ဒါကုန်း အနီးမှာရှိတဲ့ ဒီကေဘီအေ ကလိုထူးဝါးတပ်ကို သွားရောက်ထိုးစစ်ဆင်တဲ့အတွက် မနေ့ နေ့ခင်းပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အတိအကျ မသိရသေးဘူးလို့ ဒီကေဘီအေ ကလိုထူးဝါးတပ်ကဗိုလ်ကြီး စောသရီးတူးက ပြောပါတယ်။
“သဒ္ဒါကုန်းအပေါ်က ဗိုလ်ကျော်သက်အဖွဲ့ကနေ အခြေပြုတဲ့ နေရာမှာ ခမရ ၃၅၇ က လာကင်းလှည့်တဲ့အချိန်မှာ ကျနော်တို့နဲ့ပစ်ခတ်မှုဖြစ်တယ်။ နအဖဘက် ထိခိုက်မှုတော့ စုံစမ်းဆဲပဲ။ ကျနော်တို့ဘက်မှာတော့ ထိခိုက်မှုမရှိဘူး။ တိုက်ပွဲက ၂၅ မိနစ်လောက်ကြာတယ်။”
အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းကလည်း မြဝတီမြို့နယ် တောင်နီနဲ့ သုံးအိမ်းစုရွာကြားမှာလည်း တိုက်ခိုက်မှု တခုဖြစ်ပွားခဲ့ပါတယ်။
ကရင်ပူးပေါင်းတပ်ဖွဲ့တွေက သူတို့နယ်မြေအတွင်းလှုပ်ရှားလာတဲ့ အစိုးရတပ် ခမရ ၂၀၅ တပ်ရင်းကို ဆွဲမိုင်းနဲ့တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်က ၁၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ ရှိခဲ့တယ်လို့လည်း ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။