မိုးညှင်းမြို့တွင် မိုင်း ၂ လုံးကွဲ လူ ၂ ဦး ပွဲချင်းပြီးသေဆုံး
DVB
·
September 18, 2016
မိုးညှင်းမြို့ အရှေ့တောင်ဘက် မြို့ရှောင်လမ်းနဲ့ နမ်ဂျမ်းလှည်းလမ်းဘေးမှာ မိုင်းပေါက်ကွဲတဲ့ အတွက် အမျိုးသား ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့တောင်ဘက် မြို့ရှောင်လမ်း မိုင်တိုင်အမှတ်၂/၆ မှ အရှေ့တောင်သို့သွားသော နမ်ဂျမ်းလှည်းလမ်းဘေး ၅ ပေခန့်အကွာမှာ စက်တင်ဘာ ၁၇ ရက်နေ့ ၁၂ နာရီခွဲအချိန် မိုင်း ၂ လုံးပေါက်ကွဲမှုသတင်းအရ မိုးညှင်းမြို့ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ ဒုမြို့နယ်ရဲမှူး၊ စခန်းမှူးတို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
မိုးညှင်းမြို့ အောင်သပြေ ၁ ရပ်ကွက်နေ အသက် ၆၄ နှစ်အရွယ် ဦးဌေးလှိုင်နဲ့ သားဖြစ်သူ မြင့်ဦး (၄၄ နှစ်)၊ မယားညီအကိုတော်သူ မျိုးဝင်း ၃၄ နှစ်တို့ ၃ ဦးဟာ တောင်ယာလုပ်တဲ့ အခင်းတဲသွားတဲ့ လှည်းလမ်းဘေးအနီး ကိုင်းခုတ်နေစဉ် မိုင်းဟု မသင်္ကာတဲ့ အရာဝတ္တုနဲ့ ဝါယာကြိုးများ ချိတ်ဆက်ထားတာကို တွေ့ရှိခဲ့ပါတယ်။
မိုင်းတွေ့ရှိတဲ့ ဦးဌေးလှိုင်က သားဖြစ်သူ မြင့်ဦးနဲ့ မျိုးဝင်းတို့ ၂ ဦးကို ခေါ်ယူအသိပေးပြသခဲ့ပြီး တဲသို့ပြန်လှည့်လာစဉ် မြင့်ဦးနဲ့ မျိုးဝင်းတို့က မိုင်းရှိတဲ့နေရာကို သွားရောက်ကြည်ရှုကြစဉ် မိုင်းပေါက်ကွဲ သံကြားတဲ့အတွက် ဦးဌေးလှိုင် သွားကြည့်ရာ သားဖြစ်သူမြင့်ဦးနဲ့ မျိုးဝင်းတို့မှာ နေရာမှာပက် မြင့်ဦးမှာ ဝဲလက်ကြေမွ ဒဏ်ရာ ၁ ချက်၊ ချက်အပေါ် ၁ လက်မခန့် ပေါက်ပြဲ၊ ဗိုက်ဝဲ ဖက် ၂ လက်မခန့် ပေါက်ပြဲ၊ ဝဲဖက်ပေါင်နဲ့ ခြေသလုံးကြေမွဒဏ်ရာ ၁ ချက်စီနဲ့ သေဆုံးနေပြီး မျိုးဝင်းမှာဦးခေါင်းဝဲခြမ်းပွင့်ထွက် ယာဖက်လက်ကြေမွဝဲဘက် ဒူးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ မိုင်းစမှန်သေဆုံးခဲ့သူ ၂ ဦးကို မိုးညှင်းပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမိုင်းကွဲတဲ့ နမ်ဂျမ်းလှည်းလမ်း ဒေသအခေါ် ဦးချစ်လှိုင်လမ်းသွယ်ဟာ ပြည်သူများအသုံး များတဲ့လမ်းတခုဖြစ်ပြီး ကျွဲနွားများလည်းစားတဲ့ နေရာလည်းဖြစ်ပါတယ်။
သတင်း - မုန်းမုန်းမင်း၊ ဓာတ်ပုံ - MOI