Home
မြန်မာသတင်း
လောက်ကိုင်မြို့ကို ချိန်ရွယ်ထားသည့် ဗုံးသီးများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိဖြုတ်သိမ်း
DVB
·
September 17, 2016
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ကို ချိန်ရွယ်ထားတဲ့ ဗုံးသီး ၂၂ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို မြို့နဲ့ ကိုက် ၁၅၀၀ ခန့်ကွာဝေးတဲ့ တောင်ကြောပေါ်က တွေ့ရှိပြီး သက်ဆိုင်ရာက ဖြုတ်သိမ်းလိုက်နိုင်တယ်လို့ ပြည်နယ်ဒုရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။ တောင်ကြောပေါ်ကနေ လောက်ကိုင်မြို့ နေရာအနှံ့ကို ချိန်ရွယ်ထားတဲ့ ဗုံးသီးတွေကို စက်တင်ဘာ ၁၆ ရက် မနက်က တွေ့ရှိတာဖြစ်ပြီး ချိန်ကိုက်ထားတဲ့ သတ်မှတ်ချိန်မတိုင်မီ မိနစ် ၄၀ ခန့်အလိုမှာ တွေ့ရှိ ဖြုတ်သိမ်းလိုက်နိုင်တယ်လို့ သူက ပြောပါတယ်။ “လောက်ကိုင် ဒကစ အောက်မှာရှိတဲ့ တပ်တွေနဲ့ တောင်ကြောပေါ်တက်ရှင်းတော့ ၁၀၇ မမ ဗုံးသီး ၉လုံး တနေရာ ၁၃လုံး တနေရာ ပေါင်း ၂၂လုံး တွေ့ရှိပါတယ်၊အားလုံးက ၀ါယာကြိုးတွေ ဘက်ထရီတွေ တိုင်မာတွေနဲ့ ချိတ်ဆက်ထားပြီးတော့ လောက်ကိုင်မြို့ နေရာအနှံ့ကို ဗုံးသီးတွေ ချိန်ရွယ်ထားတာ တွေ့ပါတယ်။ ချိန်ရွယ်ထားတယ်ဆိုတာ ပြောင်းနဲ့ မဟုတ်ဘဲနဲ့ ဗုံးသီးတွေရဲ့ အပေါ်မှာ ၀ါးလုံးတန်းပေါ့။ ၀ါးလုံးတန်းပေါ်မှာ ဒုံးကျည်ကို မေးတင်ထားပြီးတော့မှ အလေးအပင် ပေါ့၊ အပေါ်ကနေပြီးတော့ ပီနံအိတ်ထဲမှာ ကျောက်ခဲတို့ ခဲတို့ထည့်ထားပြီး ဖိထားခဲ့တာ။” စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ စတင်တွေ့ရှိပြီး ညနေ ၅ နာရီလောက်မှာ အားလုံး ဖြုတ်သိမ်းလိုက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်ညပိုင်းမှာ လောက်ကိုင်နဲ့ ၁ မိုင်ခန့်အကွာ ကြူဖန်ရွာရှိ အရင် ကိုးကန့် ဦးစီးအဖွဲ့ဥက္ကဋ္ဌဟောင်း ဦးထယ်စောက်ချိန်ရဲ့နေအိမ်ကို လက်နက်ကြီးတခု ကျရောက်ပေါက်ကွဲ ခဲ့ရာကတဆင့် အခုလို မြို့ကို ချိန်ရွယ်ထားတဲ့ ဗုံးသီးတွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဦးထယ်စောက်ချိန်နေအိမ်ကို ကျရောက်တဲ့ လက်နက်ကြီးကျည် လာရာလမ်းကြောင်းကို မှန်းဆ တွက်ချက်ကြည့်တဲ့အခါ အဲ့ဒီတောင်ကြောပေါ်က ပစ်တာလို့ ခန့်မှန်းရပြီး တောင်ကြောပေါ် တက်အရှင်းမှာ ထောင်ထားတဲ့ ဗုံးသီးတွေ ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ လောက်ကိုင်မြို့မှာ စက်တင်ဘာ ၁၅ ရက်ဟာ လမုန့်စားပွဲရက်ဖြစ်ပြီး အဲ့ဒီ ရက်နောက်ပိုင်းမှာ လောက်ကိုင်ကို နှောင့်ယှက်ဖျက်ဆီးတိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခု ဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ ပြည်နယ်ရဲတပ်ဖွဲ့ကတော့ (အမ်အန်ဒီအေအေ)ကိုးကန့်တပ်ပေါင်းစုလက်ချက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ ဓာတ်ပုံ - myanmar-military-navy-air-force
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024