Home
မြန်မာသတင်း
ခိုးကိုးရာမဲ့တောင်းရမ်းစားသောက်သူများ ကာကွယ်စောင့်ရှောက်ရေး ရှေ့ပြေးစီမံချက် ရန်ကုန်နှင့် မန္တလေးတွင် စတင်မည်
နေဖြိုးဝင်း
·
September 17, 2016
မြန်မာနိုင်ငံအတွင်းရှိ ခိုးကိုးရာမဲ့တောင်းရမ်းစားသောက်သူတွေကို ကာကွယ်စောင့်ရှောက်ရေး အတွက် ရှေ့ပြေးစီမံချက်ကို ရန်ကုန်နဲ့ မန္တလေးမှာ စတင်မယ်လို့ လူကယ်ပြန် ၀န်ကြီးက ပြောပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ဦးအေးမင်းဟန်မေးမြန်းတဲ့ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်တွေမှာ ခိုးကိုးရာမဲ့တောင်းရမ်းစားသောက်နေသူတွေကို ပြုစု စောင့်ရှာက်ပြီး ၄င်းတို့ဘ၀တွေ ပြန်လည်ရှင်သန်လာအောင်လုပ်ပေးမယ့် စီမံကိန်းတရပ် ရေးဆွဲဆောင်ရွက်ပေးဖို့ အစီအစဉ်ရှိ မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အခုလို ပြန်လည်ဖြေဆိုတာဖြစ်ပါတယ်။ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို အစိုးရနဲ့အတူ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေက ဆောင်ရွက်နေပေမယ့် ပြန်လည်ထူထောင်ရေးနဲ့ လူမှု အသိုင်းအ၀ိုင်းအတွင်း ပြန်လည်ဝင်ဆန့်ရေး ဆောင်ရွက်ရာမှာ တိကျတဲ့ လုပ်ငန်းစဉ်၊ လိုအပ်တဲ့ ပံ့ပိုးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ ပြည်ထောင်စု ၀န်ကြီးက ပြောပါတယ်။ ဒါကြောင့် လမ်းပေါ်နေကလေးတွေ၊ တောင်းရမ်းစားသောက်သူတွေ၊ ခိုးကိုးရာမဲ့တွေ၊ စောင့်ရှောက်သူမဲ့ မသန်စွမ်းတွေအတွက် ကာကွယ်စောင့်ရှောက်ရေးနဲ့ လူ့အသိုင်းအ၀ိုင်း အတွင်း ပြန်လည်ဝင့်ဆန့်နိုင်ရေးအတွက် ရှေ့ပြေးစီမံချက်ကို ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီးမှာ ဆောင်ရွက်နိုင်ဖို့ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ကာလ အတွင်းရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ “ဒီစီမံချက်ရေးဆွဲအကောင်အထည်ဖော်ဖို့ ရှေ့ပြေးစီမံချက်ရေးဆွဲဖို့နဲ့ ဒီရှေ့ပြေးစီမံချက်ကို အကောင်အထည် ဖော်ဖို့ လုပ်ငန်းစဉ်တွေဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီရှေ့ပြေးစီမံချက်ကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ စတင်မှာဖြစ်ပါတယ်” လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ လမ်းပေါ်နေကလေးတွေ၊ ခိုးကိုးရာမဲ့တွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကောက်ယူတာကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၄ ရက်မှ ၂၀ ရက်နေ့ထိ၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မေလ ၁၉ ရက်မှ ၃၁ ရက်နေ့ထိ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ တွေ့ရှိချက်တွေကို မူတည်ပြီး လမ်းပေါ်နေကလေး တွေ၊ တောင်းရမ်း စားသောက်သူတွေ၊ ခိုးကိုးရာမဲ့တွေ၊ စောင့်ရှောက်သူမဲ့မသန်စွမ်းတွေအတွက် ကာကွယ် စောင့်ရှောက်ရေး ရှေ့ပြေးစီမံချက်ကို ရေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024