Home
မြန်မာသတင်း
တပ်မတော်နှင့် ကရင်အစည်းအရုံး(ကေကေအို)တို့ တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ဟု စစ်တပ်သတင်းထုတ်ပြန်
ရွှေအောင်
·
September 17, 2016
ကရင်ပြည်နယ်၊ မြိုင်ကြီးငူမှ မဲသဝေါအထိဒေသတလျှောက်မှာ စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း တပ်မတော်နဲ့ ကရင်အစည်းအရုံး(ကေကေအို)အဖွဲ့မှ ကျော်သက်နှင့် ဆန်းအောင် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ နှစ်ဘက် အထိအခိုက် အကျအဆုံးသတင်းထုတ်ပြန်ခြင်းမရှိဘဲ တိုက်ပွဲနယ်မြေအတွင်းမှ ပြည်သူ ၃၈၀၀ ကျော် ထွက်ပြေးလာရတယ်လို့ပဲ သတင်းမှာ ဖော်ပြပါတယ်။ ကေကေအို(ခွဲထွက်)အဖွဲ့က နိုင်ငံတော်နှင့်တပ်မတော်အပေါ် အတိအလင်း စစ်ကြေငြာတဲ့ သဘော သက်ရောက်တဲ့ ကြေညာချက်ထုတ်ပြန်ပြီး မြိုင်ကြီးငူ-မဲသဝေါကားလမ်း ရင်းပိုင်တံတား လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် ရင်းပိုင်-မဲဆိပ်နယ်မြေရှိ နယ်ခြားစောင့် တပ်စခန်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းများ စတင်ဆောင်ရွက်လာခဲ့တယ်။ စက်တင်ဘာလ ၄ ရက်မှ စက်တင်ဘာလ ၈ ရက်အထိ တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို လက်နက်ကြီးဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ ကော့ကရိတ်မြို့ မီးသတ်ဦးစီးဌာနတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ဆက်လက် ဆောင်ရွက်လာခဲ့တယ်။ ဒါ့ကြောင့် စစ်တပ်က စက်တင်ဘာလ ၁၁ ရက်ကစလို့  ဝါးဘိုးတောင်-ကျုံထော်နယ်မြေနှင့် မဲသဝေါနယ်မြေသို့ အကန့်အသတ်ရည်မှန်းချက် သတ်မှတ်ပေးကာ တပ်သွင်းရှင်းလင်းခဲ့ တယ်လို့ စစ်တပ်သတင်းက ဆိုပါတယ်။ စစ်တပ်က ကေကေအို(ခွဲထွက်)အဖွဲ့လို့ သုံးနှုန်းခေါ်ဝေါ်တဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးစောရဲထက်ကတော့ သူတို့ကို တပ်မတော်နဲ့ ဘီဂျီအက်ဖ် နယ်ခြားစောင့်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်နေတာလို့ ပြောပါတယ်။ “ကျနော်တို့နဲ့တိုက်နေတာ အစိုးရတပ်နဲ့ နယ်ခြားစောင့်တပ်နဲ့ နှစ်ခုလုံးပေါင်းပြီး တိုက်ခံနေ ရတယ်။ လက်ရှိမှာတော့ ၀ါးဘိုးတောင်စခန်းက ခံစစ်အသေနဲ့ ဆက်တိုက်လို့ မရတော့တဲ့ အတွက် ခံစစ်ရှင်သဘောနဲ့ ပြောက်ကျားဗျုဟာကို ပြောင်းလဲကျင့်သုံးဖို့ ဆုံးဖြတ်ထားတယ်။” အစိုးရတပ်ဘက်က လက်နက်ကြီးတွေနဲ့ တရစပ်ပစ်နေပြီး တပ်အင်အားတိုးချဲ့ချထားတယ်။ သူတို့ တပ်ဖွဲ့ကို ပိတ်ဆို့ချေမှုန်းဖို့ ပြင်နေတယ်လို့လည်း သူက ပြောပါတယ်။ ၂၀၁၆ ဇန်န၀ါရီလအတွင်း ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့ဟာ သြဂုတ်လ ကုန်ပိုင်းက စစ်မျက်နှာဖွင့်တိုက်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အခုလို ပြည်နယ် အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024