Home
မြန်မာသတင်း
ကမ်းပြိုမှုကြောင့် လူနေအိမ်ခြေ ၂၀ ကျော် ရေထဲမျောပါ
DVB
·
September 16, 2016
စက်တင်ဘာလအတွင်း ဘူးရွှေမော်ကျေးရွာမှာ ကမ်းပြိုမှုတွေကြောင့် လူနေအိမ်ခြေ ၂၀ လောက် ရေထဲပါသွားပြီး နောက်ထပ် နေအိမ်တွေ ကမ်းပြိုမယ့်အရေးနဲ့ ရင်ဆိုင်နေကြရပါတယ်။ အချိန်မီ ကမ်းထိန်းနံရံတွေ တည်ဆောက်မပေးရင် လူတွေရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့အထိ ဖြစ်လာနေတယ်လို့ ပြောပါတယ်။ “တဖြည်းဖြည်းနဲ့ လမ်းတွေက ပဲ့ပါကုန်တော့ အိမ်တန်းတွေလည်း ပြတ်ပါကုန်တာ။ ခုဆိုရင် အိမ်တန်း နှစ်တန်းနဲ့ လမ်းနှစ်လမ်းက ရေထဲကို အကုန်လုံး ပါသွားတဲ့အနေအထားမျိုး ရောက်နေတယ်။ ဒါကြောင့် ဒီကမ်းအနေအထားကို နိုင်ငံတော်အစိုးရကနေပြီးတော့ ထိန်းသိမ်းပေးဖို့ မလုပ်ဘူးဆိုရင် ဒီရွာဟာ ဘယ်လိုဖြစ်လာမလဲဆိုရင် ကမ်းပြိုလို့ ရွာပျက်တာ ရောက်တော့မယ်။ နောက်ပိုင်း ဟိုဘက်မှာလည်း မြေကြီးတွေလည်း မရှိတော့ဘူး။ တဖြည်းဖြည်းနဲ့ ဒီကအိမ်တွေပျက်လာ၊ ဟိုဘက်ကို တွန်းရင်းနဲ့ အခုဆိုရင် ဒီရွာဟာ အင်မတန်မှကို ဒီကမ်းထိန်းနံရံ မဆောက်ပေးဘူးဆိုရင် တော်တော်လေးကို ဒုက္ခရောက်နေပြီ။ လူတွေရဲ့ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါပြီ” လို့ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာနေ ဒေါ်ခင်အေးမော်က ပြောပါတယ်။ ပေပေါင်း ၂၀၀၀ ကျော် ရှည်လျားတဲ့ ရွာကမ်းပေါ်ကို ကမ်းထိန်းနံရံ တည်ဆောက်ပေးဖို့ ငွေကြေးအားဖြင့် အလွန်တရာ ကုန်ကျမည်ဖြစ်တာကြောင့် ဒေသခံ တောင်သူတွေအနေနဲ့ မတတ်နိုင်ဘူးလို့ ပြောပါတယ်။ “ကမ်းပြိုကျတဲ့အတွက် အခုဆိုရင် ထွက်ပြေးရတယ်။ ထွက်ပြေးရတော့ နေစရာ နောက်အခါ မရှိ ဖြစ်လာတယ်။ အဲဒါကြောင့် ငါတို့ကတော့ အားလုံးဒုက္ခ၊ ၀ိုင်းဝန်းပြီးတော့ ဖို့လိုက်ရင်၊ နောက်ပြီးတော့ ကမ်းတခု မပဲ့အောင်ကို ငါတို့ကတော့ တောင်းဆိုချင်တယ်။ နေ့စဉ် ကူညီစေချင်တယ်။ အဲဒါကြောင့် ၀ိုင်းဝန်းပြီးတော့ ကူညီပါလို့လည်း ဘဘတို့က ပြောချင်တယ်လေ။ အခုဆိုရင် နှစ်တိုင်း နှစ်တိုင်း ရေကြီးတဲ့အတွက်ကြောင့် တနှစ်လာလည်း ပြေးရ၊ တနှစ်လာလည်း ပြေးရ။ ပြေးစရာလည်း မရှိတော့ဘူး” လို့ တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာနေ ရပ်မိရပ်ဖတဦးဖြစ်သူ ဦးစိုးလှညိုက ပြောပါတယ်။ ဘူးရွှေမော်ကျေးရွာနေ ဦးခင်မောင်သန့်ကလည်း “ကျနော်တို့ငယ်ငယ်ရှိတုန်းကဆို ဟိုဘက်လမ်းက တလမ်း ပါသွားဖူးပါတယ်။ တလမ်း ပါသွားတဲ့အတွက်ကြောင့်လည်း ကျနော်တို့ ကျေးရွာဟာ အခုလို ကမ်းပဲ့လိုက်တဲ့အခါမှာ အိမ်ခြေ ၈၀ လောက် ကျနော်တို့ကျေးရွာထဲမှာ ပါသွားတာ ကျနော်တို့ တွေ့ရှိရပါတယ်။ ကျနော်တို့ငယ်ငယ်တုန်းက ကျနော်တို့ နေရာဒေသသည် ဟိုးဘက်ကမ်းက လက်တောင်အနေနဲ့ဆို လက်တောင် ၁၀၀ ကျော်ကျော်လောက် ပါသွားတဲ့ အစိတ်အပိုင်းမှာ ရှိပါတယ်” လို့ ပြောပါတယ်။ ဘူးရွှေမော်ကျေးရွာမှာ အိမ်ခြေ ၅၀၀ လောက်ရှိပြီး စီးပွားဖြစ် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ ဒါ့အပြင် အခုလို မိုးရာသီရောက်တိုင်း ချောင်းရေတိုက်စားမှုတွေကြောင့် နှစ်စဉ်လိုလို ကမ်းပြိုကျပြီး အရင်နှစ်တွေကလည်း လယ်ယာမြေတွေ၊ လူနေအိမ်တွေ ၁၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ သတင်း - ၀ဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024