Home
မြန်မာသတင်း
ကေအိုင်အေစခန်း ၃ နေရာ တပြိုင်တည်း အပစ်ခံရ
နန်းမြနဒီ
·
September 15, 2016
ဒီကနေ့ မနက်ပိုင်းမှာ မြန်မာ့တပ်မတော်က ကေအိုင်အေစခန်းရှိတဲ့ နေရာ ၃ နေရာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။ ဒီမနက် ၅ နာရီ နဲ့  ၁၁ နာရီကြားမှာ ၀ိုင်းမော်မြို့နယ်ထဲက ကေအိုင်အေ ရှေ့တန်းစခန်း ၂ ခုနဲ့ ဌာနချုပ် လိုင်ဇာအနောက်ဘက် လုံခြုံရေးကင်းစခန်းတခု စုစုပေါင်း ၃ နေရာကို တပ်မတော်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တဘက်သတ် ပစ်ခတ်ရန်စခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ပြန်ကြားရေးဌာနမှူး ဗိုလ်မှူးကြီး နော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။ “ပထမတနေရာက လိုင်ဇာဌာနချုပ်ရဲ့ အနောက်ဘက်မှာကျတယ်၊ ကင်ရိုးဘွမ်းဆိုတဲ့ နေရာကို ခါရာတောင်မှာနေတဲ့ တပ်မတော်က လက်နက်ကြီးနဲ့ ပစ်တယ်၊ ဒါက နံပါတ်တစ်၊ နံပါတ်နှစ်ကတော့ ၀ိုင်းမော်မြို့နယ်ရဲ့ အစွန်ဘက်မှာကျတယ်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်းရဲ့ အရှေ့ဘက်မှာဖြစ်တဲ့ အင်ခန်ဘွမ်ဆိုတဲ့ တောင်ပေါ်ပေါ့၊ အဲဒီနေရာမှာ ကေအိုင်အေရဲ့ ၁၅၂ ရှေ့တန်းတပ်ရင်းတွေ တပ်စွဲထားတဲ့နေရာရှိတယ်။ အဲဒီမှာ ခဏခဏတိုက်ပွဲဖြစ်တာ သုံလေးခါရှိပြီ၊ အဲနေရာမှာ ဒီမနက်လည်း ပြန်ဖြစ်တယ်။ နံပါတ် ၃ နေရာက ဒါလည်း ၀ိုင်းမော်မြို့နယ်ပေါ့။ ၀ိုင်းမော်အရှေ့ဘက်မှာကျတယ်၊ ကေအိုင်အေ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ နယ်မြေဖြစ်တယ်။ လိုင်ဖောင်ဘွမ်ဆိုတဲ့နေရာမှာ ဒီမနက် လက်နက်ကြီးနဲ့ လှမ်းပစ်တာပေါ့။” အင်ခန်ဘွမ်ဘက်မှာဆိုရင် မနက် ၅ နာရီကစ ၁၁ နာရီထိ ၆၀ မမ၊ ၈၀ မမ ၊ ၁၂၀ မမ စတဲ့ လက်နက်တွေနဲ့ အကြိမ်ပေါင်း ၈၀ ကျော်ပစ်ခတ်ကြောင်း၊ လိုင်ဇာအနောက်ဘက်မှာတော့ ဒီမနက် ၆ နာရီခွဲလောက်က ၈၀ မမလို့ ယူဆရတဲ့ လက်နက်နဲ့ ၃ ကြိမ်ပစ်ကြောင်း၊ အဲဒီနေရာဟာ လိုင်ဇာနဲ့  သုံးလေးမိုင်အကွာလောက်မှာပဲ ရှိတယ်လို့ သူကဆက်ပြောပါတယ်။ ပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာသတင်းတွေတော့ မသိရသေးပါဘူး။ မနေ့ကလည်း မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနောက်ဘက် ၀ိုင်းမော်နဲ့ ဒေါ့ဖုန်းယန်မြို့နယ် အစပ်ကြားမှာ တပ်မတော်ဘက်ကတက်လာတဲ့အတွက် ခုခံတိုက်ပွဲ မိနစ် ၂၀ လောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီပစ်ခတ်မှုတွေအားလုံးကို ကြည့်မယ်ဆိုရင် တပ်မတော်ဘက်က ထိုးစစ်ဆင်သလို အဝေး ကနေပါ လှမ်းပစ်နေတဲ့အတွက် ရန်စသလို ခံစားရကြောင်း ဗိုလ်မှူးကြီး နော်ဘိုက ခုလို ထပ်ပြောပါတယ်။ “ကေအိုင်အေတပ်စခန်းတွေဘက်ကို တပ်မတော်က ထိုးဝင်လာလို့ တိုက်ပွဲတွေဖြစ်တယ်၊ အဝေးနေလည်း လှမ်းပစ်နေတယ်၊ အဲ့ဒါက ရန်စတယ်လို့ ယူဆလို့ရပါတယ်၊ တိုက်ပွဲစိမ်ခေါ်နေတယ်လို့ပဲ ခံစားရပါတယ်။” လောလောဆယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အနောက် နိုင်ငံတွေမှာ သွားရောက်လည်ပတ်ပြီး မြန်မာပြည်ငြိမ်းချမ်းကြောင်း ပြောဆိုနေပေမယ့်  လက်ရှိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဟာ ငြိမ်းချမ်းရေးကို ဦးမတည်ဘဲ တိုင်းရင်းသားတွေအတွက် စိုးရိမ်စရာသာဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘိုက ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024