ကားတစီးက ရဲအရာရှိ ၃ ဦးကို ကြောက်မက်ဖွယ် ၀င်တိုက် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ဖီးနစ်စ်မြို့မှာ စက်တင်ဘာ ၁၃ ရက်နေ့က ရဲအရာရှိ ၃ ဦးကို ကားတစီးက ကြောက်မက်ဖွယ် ၀င်တိုက်ခဲ့လို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ အဆိုပါရဲအရာရှိ ၃ ဦးဟာ မနက်အစောပိုင်း ၂ နာရီလောက်က ဂက်စ်ဆိုင်တဆိုင်ထဲမှာ ရှိနေချိန် အနီရောင် ဆီဒင်ကားတစီးက သူတို့ဆီ အရှိန်နဲ့ မောင်းဝင်လာပြီး တိုက်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီအဖြစ်အပျက်မှာ ရဲအရာရှိ ၃ ဦးကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခဲ့တာလို့ ယုံကြည်နေကြတာပါ။ တိုက်ခဲ့တဲ့ ဆီဒင်ကားကို မောင်းနှင်သူ အသက် ၄၄ နှစ်အရွယ် မာ့က်လာကွန် ပိန်းဟာ QuickTrip စတိုးဆိုင်ရှေ့မှာ ရပ်ထားခဲ့တဲ့ ကင်းလှည့်ရဲကားကို မတိုက်မိခင် ရဲအရာရှိတွေဆီ ဦးတည်မောင်းနှင်ခဲ့တာကို တွေ့ရပါတယ်။ တိုက်မိတဲ့အရှိန်ကြောင့် အသက် ၃၃ နှစ်အရွယ် ရဲအရာရှိတဦးဟာ ဦးခေါင်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက် ၄၁ နှစ်အရွယ် နောက်တဦးကတော့ ခြေထောက်ကျိုးသွားခဲ့တာပါ။ ၀င်တိုက်ခဲ့သူ အမျိုးသားမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာမို့ သူတို့အားလုံးကို ဆေးရုံမှာ ဆက်လက်ကုသပေးနေရတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခုလိုကျူးလွန်ခဲ့မှုအတွက် မာ့က်လာကွန်ပိန်းကို ဆေးရုံက ဆင်းတဲ့အချိန်မှာ တရားဥပဒေအရ စစ်ဆေးအရေးယူမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ဖီးနစ်စ်ခရိုင် ရဲအရာရှိချုပ် ဂျိုးဆက်ပ် ယာနာက “ဒါဟာ တမင်ရည်ရွယ်ပြီး တိုက်ခဲ့တာလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့ ရဲအရာရှိတွေကို ပစ်မှတ်ထားခံနေရတယ်။ ဒီလိုကိစ္စတွေကို ရပ်တန့်ဖို့ လိုအပ်နေပါပြီ” လို့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up