ဘဲအသံနှင့် နွားမျက်တောင်ပုံပိုင်ဆိုင်သည့် ၇ နှစ်သမီးကို နတ်ဘုရားမအဖြစ် ကြေညာ (ဓာတ်ပုံ)

နီပေါလ်နိုင်ငံမှာ အသက် ၇ နှစ်အရွယ် မိန်းကလေးတဦးဟာ ဘဲတကောင်ရဲ့အသံနဲ့ နွားမတကောင်ရဲ့ မျက်တောင်ပုံ ပိုင်ဆိုင်တဲ့အတွက် နတ်ဘုရားမအဖြစ် ကြေညာလိုက်ပါတယ်။ ဟိန္ဒူရိုးရာယုံကြည်မှုအရ နတ်ဘုရားမ ဖြစ်တဲ့သူကို တခြားအရေးကြီးတဲ့ ကိစ္စတွေကလွဲပြီး အိမ်ကနေ အပြင်ထွက်ခွင့်မပြုဘဲ သူ့ရဲ့ခြေထောက်တွေကို မြေကြီးနဲ့လည်း ထိတွေ့ခွင့်မရှိတာမို့ သူ့ကို အနီးကပ်စောင့်ရှောက်ဖို့အတွက် လက်ရှိမှာတော့ သူ့ရဲ့မိဘတွေဟာ အလုပ်တွေကနေ ထွက်ခဲ့ကြရပါတယ်။ ရှေးရိုးရာ ဟိန္ဒူအစဉ်အလာအရ နတ်ဘုရားမ ဒါဂါဟာ လူအဖြစ် သက်ဝင်ရှင်သန်လာတယ်ဆိုတဲ့ ယုံကြည်မှုကနေ ခုလို နတ်ဘုရားမတဦးအဖြစ် သတ်မှတ်တဲ့ အစဉ်အလာ ဆင်းသက်လာပြီး ဘာသာရေးဆိုင်ရာ အကြီးအကဲတွေက ထုတ်ပြန်ကြေညာလိုက်တာပါ။ နတ်ဘုရားမအဖြစ် သတ်မှတ်ခြင်းခံရတဲ့ ကလေးငယ်ဟာ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်ပြီး သူအရွယ်ရောက်တဲ့အချိန်မှာတော့ လူ့အဖွဲ့အစည်းအတွင်းမှာ သာမန်လူတဦးအဖြစ် ဆက်လက်နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ နီပေါလ်နိုင်ငံဝန်ကြီးချုပ် ပုရှ်ပါ ကာမဲလ် ဒါဟဲလ်ကလည်း နတ်ဘုရားမဆီ လာရောက်ပူဇော်ကြသူတွေ ထောင်သောင်းချီရှိတဲ့အချိန်မှာ ဦးညွတ်အရိုအသေ ပေးခဲ့တာပါ။ အဲဒီမိန်းကလေးရဲ့အမည်ဟာ ယူနီကာဖြစ်ပြီး ဒေသတွင်း နှစ်စဉ်ကျင်းပနေကျ ရိုးရာပွဲတော်ကျင်းပချိန်မှာ ခုလို အရိုအသေပေးခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၉ ရက်နေ့က ဖော်ပြပါတယ်။ သူမရဲ့ဖခင်ဖြစ်သူ ရာမက်ရှ် ဘာဂ်ျရာချာရာက “ကျနော့်သမီးကို ကုမ္မာရီနတ်ဘုရားမအဖြစ် ခုလိုရွေးချယ်ခံရတာကို အရမ်းဝမ်းသာမိပါတယ်။ ဘာလို့လဲဆိုတော့ နီပေါလ်မှာက နတ်ဘုရားမတဦးအဖြစ် သတ်မှတ်နေထိုင်ရတာ တကယ့်ကို ခမ်းနားကြီးကျယ်လို့ပါပဲ” လို့ ပြောပါတယ်။ နီပေါလ်နိုင်ငံမှာ နတ်ဘုရားမတဦးအဖြစ် သတ်မှတ်ခံရဖို့ဆိုတာ မလွယ်ကူလှပါဘူး။ နွားမတကောင်ရဲ့ မျက်တောင်ပုံ၊ သမင်တကောင်လို ပေါင်တံနဲ့ ဘဲတကောင်လို ကြည်လင်တဲ့အသံမျိုး ပိုင်ဆိုင်ရမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မိခင်ဖြစ်သူ ဆာဘီတာကတော့ သမီးဖြစ်သူရဲ့ မိတ်ကပ်အပြင်အဆင်တွေကို နတ်ဘုရားမတဦးအဖြစ် ပုံဖော်ပေးခဲ့ပေမယ့် သမီးဖြစ်သူအနေနဲ့ သာမန်မိန်းကလေးတယောက်လို ပျော်ပျော်ရွှင်ရွှင် မဖြတ်သန်းနိုင်တော့တာကို တွေးပြီး ၀မ်းနည်းမိတယ်လို့ ၀န်ခံထွက်ဆိုပါတယ်။ ဓာတ်ပုံ - Getty  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up