တရုတ်နှင့် ရုရှား ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်တွင်း ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်

တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းပြီး တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွေကို စက်တင်ဘာ ၁၂ ရက်နေ့က ပထမဆုံး လုပ်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတောင်ပိုင်းက ကွမ်တုံပြည်နယ်မှာ ရုရှားရေတပ်ကို တရုတ်ရေတပ်က ကြိုဆိုခဲ့ပုံတွေကို တရုတ်နိုင်ငံပိုင်ရုပ်သံက စက်တင်ဘာ ၁၂ ရက်က ပြသခဲ့ပါတယ်။ ကွမ်တုံပြည်နယ်ကမ်းလွန်မှာ ၈ ရက်ကြာ စစ်ရေးလေ့ကျင့်ကြမှာဖြစ်ပြီး စစ်သင်္ဘော ၁၀ စီးကျော် ပါဝင်ပါတယ်။ ရန်သူတွေဆီက ကျွန်းတကျွန်းကို ထိုးစစ်ဆင်သိမ်းပိုက်မှုပုံစံ လက်တွေ့ပစ်ခတ်လေ့ကျင့်မှုတခုလည်း ပါဝင်ပါတယ်။ အရင်စစ်ရေးလေ့ကျင့်မှုတွေထက်စာရင် အခုစစ်ရေးလေ့ကျင့်မှုဟာ လက်တွေ့စစ်ဆင်ရေး ပိုမိုနီးစပ်တယ်လို့ တရုတ်ရေတပ် ပြောခွင့်ရသူတဦးက ပြောဆိုပါတယ်။ ၂၀၁၂ ကတည်းကစပြီး တရုတ်စစ်တပ်နဲ့ ရုရှားစစ်တပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ပေမယ့် နယ်မြေအငြင်းပွားမှုတွေဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်မှာ လုပ်ဆောင်တာကတော့ ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အားလုံးနီးပါး ပိုင်ဆိုင်တယ်လို့ တရုတ်နိုင်ငံက ကြေညာမှုကို နယ်သာလန်နိုင်ငံ၊ နိုင်ငံတကာတရားရုံးတရုံးက ပယ်ချထားပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံရဲ့ ရပ်တည်ချက်ကိုလည်း တရုတ်နိုင်ငံက လက်မခံပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up