9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေကို စက်တင်ဘာ ၁၁ ရက်က နိုင်ငံတ၀န်း ကျင်းပခဲ့ကြပါတယ်။ နယူးယောက်မြို့မှာတော့ ပြန်ပေးဆွဲ တိုက်ခိုက်ခံရတဲ့ လေယာဉ် ၄ စီးနဲ့ ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦ ၂ ခုအတွက် အလေးပြု ငြိမ်သက်ခြင်း ၆ ကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။ အမေရိကန်သမ္မတလောင်းတွေဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဟီလာရီကလင်တန်တို့လည်း ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦ နေရာဟောင်းမှာ ကျင်းပတဲ့ အောက်မေ့ဖွယ်ခမ်းအနားမှာ တက်ရောက်ခဲ့ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားဟာ အိမ်ဖြူတော်မှာကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ ကမ္ဘာ့ကုန်သွယ်မှု မိုးမျှော်အဆောက်အဦ လေယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အချိန် မနက် ၈ နာရီ ၄၆ မိနစ်တိတိမှာ တမိနစ်ငြိမ် အလေးပြုခဲ့ပြီး အဲ့ဒီကနေ ပင်တဂွန်စစ်ဌာနချုပ်က အောက်မေ့ဖွယ် အခမ်းအနားမှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ အတွင်း လူ ၃၀၀၀ လောက် သေဆုံးခဲ့ကြပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူ ၁၉ ဦးမှာ ၁၅ ဦးဟာ ဆော်ဒီနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ တိုက်ခိုက်မှုအပြီး ၁ နှစ်အကြာမှာ လွတ်လပ်တဲ့ စုံစမ်းမှုကော်မရှင်ရဲ့ 9/11 အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာပါ စာမျက်နှာ ၂၈ မျက်နှာကို ၁၃ နှစ်ကြာ လျှို့ဝှက်ထားခဲ့လို့ အငြင်းပွားမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ 9/11 တိုက်ခိုက်မှုတွေကို ဆော်ဒီမှာ နေထိုင်သူတွေက ငွေကြေးထောက်ပံ့မှုတွေ ပေးခဲ့နိုင်တယ်ဆိုတဲ့ အချက်တွေပါရှိတဲ့ စာမျက်နှာ ၂၈ မျက်နှာကို ၁၃ နှစ်ကြာ ပိတ်ထားခဲ့ပြီး အခုနှစ် ဇူလိုင်လကမှ အမေရိကန်အစိုးရက အများကို ဖတ်ခွင့်ပေးခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up