တန်ဇေးနီးယားငလျင်ကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံး၊ ၁၀၀ ဦးထိခိုက်ဒဏ်ရာရ

တန်ဇေးနီးယားနိုင်ငံမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် တန်ဇေးနီးယားနိုင်ငံရဲ့ ဘူကိုဘခရိုင်မှာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ပြီး လူအယောက် ၁၀၀ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခရိုင်ရဲ့ ရဲချုပ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားလိုက်တာပါ။ “ခုလောလောဆယ် ၁၁ ဦးသေဆုံးပြီး လူ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရထားတယ် သူတို့ထဲက တော်တော်များများကတော့ ဆေးကုသခံနေရပါတယ် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်နေတုန်းပါပဲ”လို့ ဘူကိုဘခရိုင်ရဲ့ ကက်ဂရာဒေသ ရဲချုပ်ကြီးကြပ်ရေးမှူးဖြစ်သူ သြဂတ်စတင်းအောလိုမီက တယ်လီဖုန်းနဲ့ပြောကြားလိုက်တာပါ။ တန်ဇေးနီးယားနိုင်ငံရဲ့ ငလျင်ဗဟိုချက်ဒေသအနီးအနားက ဘူကိုဘဒေသခံတွေကတော့ သူတို့မြို့ထဲက အိမ်တချို့ မြေကြီးထဲကျွံသွားကြောင်း အစောပိုင်းထဲက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ပါသေးတယ်။ မြေငလျင်က ၅.၇ ရစ်ခ်ျတာစကေးနဲ့ လှုပ်သွားခဲ့ပြီး ရဝမ်ဒါ၊ ဘာရန်ဒီ၊ ယူဂန်ဒါနဲ့ကန်ညာ နိုင်ငံတွေရဲ့ အနီးအနားတွေမှာလည်း လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန်နိုင်ငံ ဘူမိသုံးသပ်ချက်က ညွှန်ပြခဲ့ပါတယ်။ တန်ဇေးနီးယား ငလျင်ဗဟိုချက်က ဂရင်းဝစ်ခ်ျ စံတော်ချိန် ၁၂၂၇ နဲ့ လှုပ်ခတ်ခဲ့တာဖြစ်ပြီး လိပ်က်ဗစ်တိုးရီးယားနယ်စပ်က နစန်ဂရဲ့ အနောက်မြောက်ဖက်မြို့ အရှေ့ဖက်မှာ ၂၅ ကီလိုမီတာ (၁၅ မိုင်) အကျယ်အဝန်းအထိရှိပါတယ်။ “ကျနော်တို့ အိမ်နံရံတွေ ဗီဒိုတွေ ရေခဲသေတ္တာတွေလှုပ်ရမ်းနေတာပဲ” လို့ ယူဂန်ဒါနိုင်ငံရဲ့မြို့တော် ကမ်ပလာက အေအက်ဖ်ပီ သတင်းထောက်ကလည်း ပြောခဲ့ပါသေးတယ်။ Great Lakes ဒေသနားမှာ မြေငလျင်လှုပ်တာက ပုံမှန်လိုတောင်ဖြစ်နေပေမဲ့ အမြဲတမ်းလိုလိုကတော့ ငလျင်လှုပ်ခတ်နှုန်းနိမ့်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up