Home
မြန်မာသတင်း
ပုဂံရှေးဟောင်းဘုရားပုထိုးစေတီ တချို့ကို လူအများဝင်ရောက်ကြည့်ရှုဖူးမျှော်ခွင့် ပိတ်ထား
DVB
·
September 10, 2016
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်း ပုဂံဒေသရှိ ရှေးဟောင်း ဘုရားပုထိုးစေတီ တချို့ကို လူအများဝင်ရောက်ကြည့်ရှုဖူးမျှော်ခွင့် ပိတ်ထားရပါတယ်။ ရှေးဟောင်းသုတေသနဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပုဂံဒေသရှိ သဗ္ဗညုနဲ့ စူဌာမဏိဘုရား အပါအ၀င် ဘုရား ၁၇ ဆူကို ၀င်ရောက်ကြည့်ရှုဖူးမျှော်ခွင့် ပိတ်ထားတယ်လို့ ပြောပါတယ်။ “စူဠာမဏိက ပြိုကျသွားခဲ့တာလေ။ အခု ခဲသဲတွေ ရှင်းနေတဲ့အခါကျတော့ အန္တရာယ်ရှိလို့ ပိတ်ထားတာ။ ဒါပေမယ့် ၀င်းထဲကို ၀င်ဖူးလို့ရပါတယ်။ သဗ္ဗညုကတော့ အပေါ်ပိုင်းက တော်တော်လေး ပျက်စီးသွားတယ်။ အောက်က ကြည့်ရင်တော့ မသိသာဘူး။ ကွဲကြေနေတဲ့ အနေအထားရှိတယ်။ ဒါကြောင့်မို့ ပိတ်ထားတာပါ။” ခဲသဲ ရှင်းပြီးလို့ အန္တရာယ်မရှိတော့ရင် ပြန်ဖွင့်ပေးဖို့ လိုက်လံစစ်ဆေးတဲ့လုပ်ငန်းကိုလည်း လုပ်နေတယ်လို့ ပြောပါတယ်။ ပုဂံမှာ နေထွက်ချိန်၊ နေ၀င်ချိန်ကြည့်ကြတဲ့ ရွှေဆံတော်၊ ပြသာဒ်ကြီး စတဲ့ ဘုရားတွေ ပိတ်တဲ့ထဲ မပါဘူးလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျစတာစကေး ၆.၈ ပြင်းအားရှိငလျင်ကြောင့် ပုဂုံဒေသက  စူဠာမဏိ၊ လောကနန္ဒာ၊ မြစေတီ၊ ဓမ္မရံကြီး၊ ထီး လိုမင်းလိုစတဲ့  ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းစတီပုထိုးတွေ ထိခိုက်ပျက်စီး သွားခဲ့တာဖြစ်ပါတယ်။ ငလျင်အပြီး ပုဂံကို လာရောက်ခဲ့တဲ့ သမ္မတဦးထင်ကျော်က ပုဂံဘုရားတွေကို ထိန်းသိမ်း ပြုပြင်မှုကို အလျင်စလို မလုပ်ကြဖို့နဲ့ ဘုရားဖူးတွေ ဖူးမျှော်ခွင့် မဆုံးရှုံးအောင် လုပ်ကြရန် မှာကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024