ဖိလစ်ပိုင်သမ္မတက အိုဘားမားကို ဆဲရေးစော်ကားမှု မပြုခဲ့ကြောင်း ပြော

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူဒါတေက အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို ဘယ်တုန်းကမှ ခွေးမသားလို့ မခေါ်ခဲ့ဘူးလို့ ပြောခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။ ဒူဒါတေဟာ သူ့ရဲ့မူးယစ်စစ်ပွဲနဲ့ ပတ်သက်တဲ့ ရန်လိုတဲ့ရပ်တည်ချက်ကိုတော့ ထိန်းထားခဲ့ တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်ရင် အရူးပဲလို့ သူကပြောပြန်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကို ၂ ရက်ကြာ အလည်အပတ်ခရီးစဉ်အတွက် မြို့တော်ဂျကာတာမှာ စီစဉ်တဲ့ပွဲအတွင်း ခုလိုပြောလိုက်တာပါ။ ဖိလစ်ပိုင်သမ္မတက သူ့ရဲ့ တာငါလော့ဘာသာစကားနဲ့ အိုဘားမားကို ဆဲရေး စော်ကားတယ်ဆိုတဲ့ စွဲချက်ထွက်လာအပြီး လာအိုနိုင်ငံမှာကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာ အိုဘားမားနဲ့ ဒူဒါတေတို့ ဆွေးနွေးပွဲကို အိုဘားမားဘက်က ဖျက်သိမ်း ခဲ့ပါတယ်။ ဒါပေမယ့် သူတို့၂ယောက်ဟာ ဗုဒ္ဓဟူးနေ့က ပွဲစဉ်တခုအတွင်း ထိုင်ဖို့ နေရာစောင့်ရင်း လက်ဆွဲ နှုတ်ဆက်ရင်း စကားပြောခဲ့ကြလို့ တင်းမာမှု ပြေလျော့ခဲ့ပါတယ်။ ဖိလစ်ပိုင် သမ္မတရဲ့ မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွင်း နိုင်ငံသား အနည်းဆုံး ၂၄၀၀ သေဆုံးခဲ့ ပြီးပါပြီ။ ဒီနှိမ်နင်းမှုမှာ လူ့အခွင့်အရေးအကြောင်း ဆွဲထည့်တဲ့အတွက် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို အရူးလို့ထင်ကြောင်း သူက ပြောခဲ့ပါတယ်။ သူ့နိုင်ငံအတွင်း မူးယစ်နှိမ်နင်းရေး စစ်ပွဲအတွက် ရပ်တည်ချက်ကိုလဲ သူက ထပ်ပြီး အခိုင်အမာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up