အလောင်းများကို ပြန်ဖော်ပြီး ၀တ်စားဆင်ယင်ပေးရသည့် ထူးခြားပွဲတော် (ရုပ်သံ)

ဓာတ်ပုံ - Barcroft Media
အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီတောင်ပိုင်း တိုရာဂျာခရိုင်ထဲမှာ သေဆုံး ကွယ်လွန်သွားခဲ့ပြီးဖြစ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ အလောင်းတွေကို ပြန်ဖော်ပြီး ၀တ်စားဆင်ယင်ပေးရတဲ့ ပွဲတော်ကို ကျင်းပခဲ့ကြတယ်လို့ မေရာသတင်းမှာ စက်တင်ဘာ ၈ ရက်နေ့က ဖော်ပြပါတယ်။ ရိုးရာယုံကြည်မှုအရ ကွယ်လွန်သွားသူ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ရှင်သန်နေဆဲဖြစ်တယ်ဆိုတာ ပြသတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပကြတာပါ။ မိန်း (Ma'nene) ဒါမှမဟုတ် ရိုးရာ လူသေအလောင်း သန့်ရှင်းရေးပွဲတော်လို့ အမည်ရတဲ့ ဒီပွဲတော်မှာ လူသေအလောင်းတွေကို ပြန်လည်တူးဖော်ပြီးနောက် သစ်လွင်တောက်ပတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပေးတာ၊ ရေချိုးဖြီးလိမ်း ပြင်ဆင်ပေးတာတွေ လုပ်လေ့ရှိတာပါ။ အဲဒီနောက်မှာတော့ ပျက်စီးနေတဲ့ ခေါင်းတလားတွေကို ပြန်လည်ပြင်ဆင်တာတွေ၊ လဲလှယ်တာတွေကို လုပ်ကြတာပါ။ အိမ်တအိမ်မှာ တစုံတယောက် သေဆုံးသွားပြီဆိုရင် ကျန်ရစ်သူတွေအနေနဲ့ တခြား ဆွေမျိုးသားချင်းတွေကို စောင့်ဆိုင်းဖို့အတွက် နေအိမ်မှာ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေနဲ့ချီပြီး ထားရတာဟာ ခက်ခဲပြီး ခုလို အခမ်းအနားကတော့ အများဆုံးနဲ့ ဈေးအကြီးဆုံး လုပ်လေ့ရှိကြတဲ့ အခမ်းအနားတခု ဖြစ်နေတာပါ။ သူတို့တွေရဲ့ ရှေးဟောင်းရိုးရာယုံကြည်မှုအရ သေဆုံးသူတွေရဲ့ ၀ိညာဉ်ဟာ မူရင်းနေရပ်ဆီ ပြန်လာရမယ်လို့ ဆိုပါတယ်။ ခရီးသွားရင်း သေဆုံးတဲ့သူ ဖြစ်စေကာမူ သူတို့ရဲ့ ၀ိညာဉ်တွေဟာ နေရင်း မူလအိမ်ရှိရာဆီ ပြန်လာနိုင်ကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up