Home
မြန်မာသတင်း
ဘိန်းဖြူကို အလွယ်တကူ ၀ယ်နိုင်၍ လူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲမှု ခေတ်စား
ခွန်ဇော်ဦး
·
September 8, 2016
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ကျောင်းမုန့်ဖိုးပေးလိုက်တဲ့ ငွေကြေးပမာဏနဲ့ ဘိန်းဖြူကို အလွယ်တကူ ၀ယ်ယူသုံးစွဲလို့ရတာကြောင့် အထက်တန်းကျောင်းသားအရွယ် လူငယ်တွေကြားမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ခေတ်စားနေတယ်လို့ မူးယစ်ဆေးဖြတ် ကုသမှု ခံယူသူတွေက ပြောပါတယ်။ မူးယစ်ဆေးဖြတ် ကုသမှု ခံယူနေသူတဦးက “အခုဆိုရင် လူငယ်တွေ ခပ်များများ ပျက်စီးတာ အိမ်တိုင်းလိုလိုက သားယောက်ျားလေး၊ သမီးပဲဖြစ်ဖြစ် မုန့်ဖိုးကတော့ ၁၀၀၀ ပေးတယ်လေ။ အဲ ၁၀၀၀ လောက်က လူတိုင်းပေးတော့ ပျက်စီးဖို့များတာ အဲဒါတွေ။ ခုဟာ ဒီဘက်မှာက အဖြူက ၁၀၀၀ ဖိုး၊ ၁၀၀၀ ဖိုးတွေ ၀ယ်သုံးကြတာ များတယ်” လို့ ပြောပါတယ်။ ပိုက်ဆံ ၁၀၀၀ ဖိုးလောက်ဆိုရင် ဘိန်းဖြူစသုံးကာစ လူတွေအနေနဲ့ တနေကုန် နေလို့ရပြီလို့လည်း မူးယစ်ဆေးဖြတ် ကုသမှု ခံယူနေသူ အမျိုးသမီးတဦးကလည်း ပြောပါတယ်။ “မူးယစ်ဆေးဝါးဆိုရင် ဒီ ဘိန်းဖြူနဲ့ အခု စိတ်ကြွဆေးပြားနဲ့ ခရေဇီဖြစ်နေတာ ခု ကျောက်မဲမှာ။ ၈ တန်း၊ ၉ တန်းလေးတွေ၊ အဲလိုမျိုးလေးတွေ။ လူငယ်လေးတွေ တော်တော်များများတော့ ပျက်စီးနေတာ တွေ့ရတယ်” လို့ မူးယစ်ဆေးဖြတ် ကုသမှု ခံယူနေသူ နောက်တဦးကလည်း ပြောပါတယ်။ ဒေသအတွင်းက မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ဖို့ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအပြင် ပြည်သူလူထုပါ ပူးပေါင်းပါဝင် ကူညီဖြေရှင်းမှ အချိန်မီ တားဆီးနိုင်မှာ ဖြစ်တယ်လို့ ကျောက်မဲမြို့မ ရဲစခန်းမှူး ဒု-ရဲမှူးဇော်နိုင်က ပြောပါတယ်။ “ကျနော်တို့ ဖမ်းဆီးရမိတဲ့ တရားခံတွေရဲ့ အသက်အရွယ် အပိုင်းအခြားကို သုံးသပ်ကြည့်တဲ့အချိန်မှာ အသက် ၁၇ နှစ်ကနေ အသက် ၃၀ ကြား လူငယ်တွေ အများအပြား ဖြစ်နေတာ တွေ့ရပါတယ်။ ကျနော်တို့ တဘက်ကကြည့်ရင် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်တဲ့ လူငယ်တွေဟာ မူးယစ်ဆေးဝါးမှုတွေနဲ့ အရေးယူခံနေရတာ ဖြစ်တဲ့အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ နေ့စဉ်နဲ့အမျှ ဆုံးရှုံးနေသလို ဖြစ်ရတယ်။ တားဆီးနှိမ်နင်းရေး ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ ရဲတပ်ဖွဲ့တခုတည်းတင် မဟုတ်ဘဲနဲ့ NGOs တွေ၊ ပြီးတော့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက အဖွဲ့တွေ၊ ပြီးတော့ ကျနော်တို့ နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ ရပ်ကွက် ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှသာလျှင် မူးယစ်ဆေးဝါးကို အချိန်မီ တားဆီးနိုင်မှာ ဖြစ်ပါတယ်။” ကျောက်မဲရဲတပ်ဖွဲ့အနေနဲ့ ၂၀၁၆၊ ၁ လပိုင်းကနေ ၈ လပိုင်းအထိ မူးယစ်မှုပေါင်း ၄၇ မှု ဖမ်းဆီးနိုင်ခဲ့ပြီး ကျား ၇၄ ဦး၊ မ ၄ ဦးကို တရားစွဲဆိုနိုင်ခဲ့တယ်လို့ ဒု-ရဲမှူးဇော်နိုင်က ဆက်လက် ပြောကြားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024