ဆီးရီးယားအစိုးရတပ် ဓာတုဓာတ်ငွေ့ပါ စည်ပိုင်းဗုံးများ ကြဲချခဲ့ဟု စွပ်စွဲခံရ

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အလစ်ပိုမြို့ပေါ်ကို အစိုးရတပ်တွေ ကလိုရင်း ဓာတုဓာတ်ငွေ့ပါ စည်ပိုင်းဗုံးတွေ စက်တင်ဘာ ၆ ရက်နေ့က ကြဲချခဲ့တယ်ဆိုပြီး စွပ်စွဲမှုတွေ ထွက်ပေါ်နေပါတယ်။ အလစ်ပိုမြို့ ဆီးရီးယားသူပုန်တွေ ထိန်းချုပ်တဲ့အပိုင်းပေါ် ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေအပါအ၀င် လူ ၈၀ လောက် အသက်ရှူကြပ် ဝေဒနာ ခံစားနေကြရတယ်လို့ စေတနာ့ဝန်ထမ်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။ ဒီသတင်းတွေနဲ့ပတ်သက်ပြီး ရိုက်တာက အတည်မပြုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်လ ကုလသမဂ္ဂက ဦးဆောင်စုံစမ်းစစ်ဆေးမှု တခုမှာတော့ ဆီးရီးယားအစိုးရတပ်တွေ ကလိုရင်း ဓာတုဓာတ်ငွေ့တိုက်ခိုက်မှု အနည်းဆုံး ၂ ကြိမ် ရှိခဲ့တယ်လို့ အစီရင်ခံထားပါတယ်။ ဒါပေမယ့် ဆီးရီးယားအစိုးရကတော့ ဓာတုလက်နက်တွေ ဘယ်တုန်းကမှ မသုံးစွဲဘူးလို့ ငြင်းဆန်ပါတယ်။ စက်တင်ဘာ ၆ ရက်နေ့က ကလိုရင်း ဓာတုဓာတ်ငွေ့တွေ ကြဲချခံရတဲ့နေရာကို သွားရောက်ကယ်ဆယ်ခဲ့တဲ့ မျက်မြင်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ဓာတုဓာတ်ငွေ့ပါ စည်ပိုင်းဗုံး ၄ လုံး ကြဲချခံရတယ်လို့ ပြောဆိုကြပါတယ်။ ဆီးရီးယားသူပုန်တွေ လန်ဒန်မြို့တော်မှာ တွေ့ဆုံပြီး ဆီးရီးယားစစ် အဆုံးသတ်ရေး မဟာဗျူဟာသစ်တွေကို ဆွေးနွေးမယ့်အချိန်မှာ ဒီ ဓာတုဓာတ်ငွေ့တိုက်ခိုက်မှု စွပ်စွဲမှုတွေ ထွက်ပေါ်လာတာပါ။ ဆီးရီးယားသူပုန်ခေါင်းဆောင်တွေပဲ တက်ရောက်မယ့် လန်ဒန်ဆွေးနွေးပွဲကို စက်တင်ဘာ ၇ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ္စ ဂျွန်ဆင် (Boris Johnson) က ဦးဆောင်ကျင်းပပေးတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up