ဘားတခုတွင်းမှ တစ္ဆေတကောင်၏ပုံရိပ်ကို လုံခြုံရေးကင်မရာမှ ဖမ်းယူရရှိ (ရုပ်သံ)

ဒါဟာ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တခုပါပဲ။ ဘားပိုင်ရှင် ဂျူလီ ကူးပါးဟာ လူသူမရှိတဲ့ ဘားရဲ့ အခန်းတွင်း စီစီတီဗွီ ကင်မရာမှတ်တမ်းကို ဖုန်းမှတဆင့် စစ်ဆေးကြည့်ရှုနေချိန်မှာ ရုတ်တရက် သရဲတစ္ဆေတကောင်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ တယောက်တည်း အိပ်ယာပေါ်လှဲရင်း ရှိနေချိန် ဖုန်းရဲ့မျက်နှာပြင်မှာ သရဲတစ္ဆေရဲ့ မျက်နှာကို နီးနီးကပ်ကပ် မြင်လိုက်ရချိန် ထိတ်လန့်ပြီး ဖုန်းကို အလျင်အမြန်ပဲ ပိတ်ပစ်ခဲ့တယ်လို့ သည်ဂေဇက်လိုက်ဗ်သတင်းကို ပြောခဲ့တာပါ။ ဗြိတိန်နိုင်ငံ၊ စတော့တ်တန်အရပ်မှ ‘သည်ဒွန်စစ်ပွဲအောက်မေ့ဖွယ်ဘား’ အမည်ရတဲ့ ဒီနေရာမှာ သရဲတစ္ဆေကို ခုလိုတွေ့ရတာဟာ ပထမအကြိမ်တော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ၀န်ထမ်းတွေဆီကလည်း ဆိုင်ရဲ့ လှေကားအနီးမှာ သရဲတစ္ဆေတွေရှိနေပြီး မကြာခဏ တွေ့ရှိရတယ်လို့ ပြန်ကြားနေကြောင်း ဂျူလီက ပြောပါတယ်။ ဂျူလီဟာ သူတွေ့ရှိခဲ့ရတဲ့ သရဲတစ္ဆေ တွေ့ရတယ်ဆိုတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ပြန်လည်မျှဝေခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ စီစီတီဗွီ လုံခြုံရေးကင်မရာ ၃ ခုကနေ မဲမဲသဏ္ဌာန် ပုံရိပ်တခုဟာ မျက်နှာပြင်ဆီ ဖြတ်သန်းပြီး ပေါ်လာခဲ့တာကို တွေ့ရပါတယ်။ ဂျူလီက “ဆိုင်ရဲ့အပေါ်ထပ် လှေကားနားဟာ ကျမကို ကောင်းမွန်တဲ့ ခံစားချက်တမျိုး ရစေပါတယ်။ ဒီနေရာမှာ သေဆုံးသွားကြသူတွေရဲ့ ဓာတ်ပုံတွေကို ချိတ်ဆွဲထားတယ်လေ။ ညဆိုင်ပိတ်ချိန်၊ အိမ်ပြန်ချိန်တိုင်းမှာ ကျမတယောက်တည်း မီးအလင်းရောင်တွေမရှိဘဲ ကျန်နေတဲ့အချိန် ဆိုင်တံခါးမပိတ်ခင်မှာ သူတို့ကို နှုတ်ဆက်လေ့ရှိပါတယ်။ ဒါဟာ တကယ့်ကို ငြိမ်းချမ်းပါတယ်” လို့ ပြောပါတယ်။ ဒါပေမယ့် ရုပ်သံကင်မရာကနေတဆင့် ခုလိုတွေ့လိုက်ရချိန်မှာတော့ သူ့အနေနဲ့ နည်းနည်းတော့ ထိတ်လန့်သွားခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဂျူလီက ဘားအတွင်းမှာ “သရဲတစ္ဆေများနှင့် အိပ်စက်ခြင်း” အမည်ရတဲ့ ပွဲတခုကို စီစဉ်နေပြီး ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းကာ ရန်ပုံငွေမြှင့်တင်ပွဲ လုပ်သွားမယ်လို့ ပြောပါတယ်။ ဒီပွဲကို လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လက်မှတ်တစောင်ကို ၅ ပေါင် သတ်မှတ်ထားပြီး လူဦးရေ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up