Home
မြန်မာသတင်း
မလေးရှားရောက် မြန်မာရေလုပ်သားတဦး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရ
DVB
·
September 8, 2016
မလေးရှားနိုင်ငံမှာ မြန်မာရေလုပ်သားတဦးကို စက်တင်ဘာ ၇ ရက် ညပိုင်းမှာ ရင်းဂစ် ၄ သောင်း တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မလေးရှားအခြေစိုက် ဘနားမား (Bernama) သတင်းမှာ ဖော်ပြပါတယ်။ သူ့ကို ဟူတန်မယ်လင်တန် လူနေရပ်ကွက်ထဲက နေအိမ်မှာ ည ၁ နာရီလောက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဟီလာပီရက်ခ်ခရိုင် ရဲချုပ် ၀မ်ဟန်ဆန်ဝမ်အာမက်ဒ်က ပြောပါတယ်။ သူ့ဆီမှာ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြား ၂၂၀၀၊ ကိုကင်း ၁၉၅ ဂရမ်၊ ဟီးရိုးအင်း ၆ ဒသမ ၃၂ ဂရမ်၊ အီလက်ထရောနစ် ကတ္တားတခုနဲ့ ထိုင်းနိုင်ငံကူးလက်မှတ်အတု တခုတို့ကို လက်ဝယ်ဖမ်းမိခဲ့တာပါ။ ဟီလာပီရက်ခ်ခရိုင်ရဲချုပ် ၀မ်ဟန်ဆန်ဝမ်အာမက်ဒ်က အခု ဖမ်းဆီးရမိတဲ့သူဟာ ဒေသတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းတွေမှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ အခုပြုလုပ်နေတဲ့ မူးယစ်ဆေးဝါး စီမံချက်မှာ တခြားနေရာ ဒေသတွေက အမျိုးသား ၂၀ ဦးကိုလည်း မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုတွေနဲ့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံ မူးယစ်ဆေးဝါး အက်ဥပဒေ ပုဒ်မ ၃၉(ခ) အရ ဟီးရိုးအင်းနဲ့ မော်ဖိန်း ၁၅ ဂရမ်နဲ့အထက် လက်ဝယ်ပိုင်ဆိုင်မှု၊ ဘိန်းဖြူ (ကုန်ကြမ်း/အချော) ၁၀၀၀ ဂရမ်နဲ့အထက် လက်ဝယ်ပိုင်ဆိုင်မှု၊ ဆေးရွက်ကြီး ၂၀၀ ဂရမ်နဲ့ အထက် လက်ဝယ်ပိုင်ဆိုင်မှု၊ ကိုကင်း ၄၀ ဂရမ်နဲ့အထက် လက်ဝယ်ပိုင်ဆိုင်မှုရှိမယ်ဆိုရင် ကြိုးပေး သေဒဏ်ချခံရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024