မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင် မိခင်လောင်းများ ချင်းမိုင်မလာရန် သတိပေးချက်ထုတ်ပြန်
နော်နိုရင်း
·
September 7, 2016
မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ မိခင်လောင်းတွေအနေနဲ့ အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချုင်မိုင်ခရိုင်ကို လာရောက်မှု ခေတ္တဆိုင်ငံ့ထားသင့်ကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းမိုင်မြို့နယ်အတွင်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားနေပြီး မြန်မာအမျိုးသမီး ကိုယ်ဝန်ဆောင်တဦး ကူးစက်ခံခဲ့ရကြောင်း ချင်းမိုင် ပြည်သူ့ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပြီးတဲ့နောက်ပိုင်း ကောင်စစ်ဝန်ရုံးက အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
“အဓိကကတော့ မြန်မာနိုင်ငံကလာမယ့် သို့မဟုတ် ချုင်မိုင်ခရိုင်ကိုလာမယ့် ကိုယ်ဝန်ဆောင်ဖို့ အစီစဉ်ရှိတယ် သို့မဟုတ် ကိုယ်ဝန်ဆောင်ထားတဲ့အမျိုးသမီးတွေ ဒီဇီကာ ဗိုင်ရပ်စ်ပိုးကူးစက်ခံရလို့ရှိရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေဖြစ်နိုင်တဲ့အတွက် ကျနော်တို့က အသိပေးကြေညာချက်ထုတ်တာပါခင်ဗျာ။ ဒီချင်းမိုင်မှာက အဓိက ခြင်ကနေ ကူးစက်တဲ့ရောဂါဖြစ်တဲ့အတွက် တကယ်လို့ ဖြစ်လာမယ်ဆိုလို့ရှိရင် ကူးစက်တဲ့နှုန်းက မြန်သွားနိုင်တယ်လေ။ ချင်းမိုင်မှာရှိတဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကလည်း ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သူတို့ကလည်း ဒါကို ဂရုတစိုက်နေထိုင်ဖို့နဲ့ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အနေအထားမျိုး တွေ့လို့ရှိရင်လည်း ဆေးရုံသွားဖို့၊ ချင်းမိုင်မှာရှိတဲ့ ပြည်သူ့ဆေးရုံတွေမှာ အမျိုးသမီးကိုယ်ဝန်ဆောင်တွေ လာတဲ့အခါမှာလည်း ဇီကာဗိုင်းရပ်စ်စစ်ဆေးဖို့ဆိုပြီး သူတို့က ထုတ်ပြန်ထားတာရှိတယ်။ အဲဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံက သို့မဟုတ် တခြားပြည်နယ်ကလာတဲ့ မြန်မာတွေလည်း မသိဘဲနဲ့ လာမိလိုက်လို့ရှိရင် ကူးစက်ခံရတဲ့ အခြေအနေမျိုးတွေ မဖြစ်အောင်လို့ပေါ့နော်။ မဖြစ်မနေ လာရမယ်ဆိုရင်လည်း ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေဘာတွေကို သိရှိအောင်လို့ ကျနော်တို့က အသိပေး ကြေညာချက်ထုတ်ပါ” လို့ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးက သံမှူး ဦးဆန်းယုကျော်က ပြောပါတယ်။
ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ကိုယ်ပူချိန်တက်ပြီး အဖျားတက်တာ၊ အရေးပြားယားယံတာ၊ မျက်လုံးနီတာ၊ ခန္ဓာကိုယ်ကိုက်ခဲတာ၊ ပုံမှန်မဟုတ်တဲ့ ကြွက်သားတွေနာကျင်တာ၊ ခေါင်းကိုက်တာ စတဲ့ရောဂါလက္ခဏာတွေ ခံစားရပါတယ်။
လတ်တလောက် ချင်းမိုင်အတွင်း ဇီကာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မြန်မာအမျိုးသမီးကို ကျန်းမာရေးဌာနက တွေ့ဆုံခွင့်မပေးသေးတဲ့အတွက် တွေ့ခွင့်မရသေးပါဘူး။ သို့ပေမယ့် အခြေအနေထူးပါက ဆက်သွယ်ဖို့ အသိပေးထားတယ်လို့လည်း ဦးဆန်းယုကျော်က ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ခရိုင် ၄ ခုမှာ ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀ ဦးရှိပြီး ချင်းမိုင်ခရိုင်မှာတော့ ကူးစက်ခံရသူ ၁၁ ဦးရှိတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။