ရခိုင်အကြံပေးကော်မရှင်နှင့်ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်တွင် အရေးနိမ့်
DVB
·
September 6, 2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တွင် ပြည်တွင်း တတ်သိပညာရှင်များဖြင့်သာ ပါဝင် ဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုအရေးနိမ့်သွားပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှာ နိုင်ငံခြားသား ၃ ဦး ပါဝင်နေတာဟာ မိမိနိုင်ငံ၏ ပြည်တွင်းရေး ပြဿနာကို နိုင်ငံတကာပြဿနာအဖြစ် ဖန်တီးရာရောက်စေပါသဖြင့် အဆိုပါ ကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း ပေါက်တော မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကအရေးကြီးအဆို တင်သွင်းခဲ့တာပါ။
ဒီအရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦးက ဆွေးနွေးကြပြီးနောက် မဲခွဲဆုံးဖြတ်ရာ မှာ အဆိုကို ကန့်ကွက်မဲပေးသူ ၂၅၀ ဦး၊ ထောက်ခံမဲပေးသူ ၁၄၈ ဦးနဲ့ ကြားနေမဲပေးသူ ၁ ဦးရှိပြီး ကန့်ကွက်သူများတဲ့အတွက် အရေးကြီးအဆို အတည်မပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာသွားပါတယ်။
ဒီအဆိုကို ကန့်ကွက်သူအများစုဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ကြပြီး အဆိုကို အတည်ပြုပေးဖို့ ထောက်ခံသူအများစုကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရခိုင်အမျိုးသားပါတီ အမတ်တွေ ဖြစ်ကြပါ တယ်