ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုးလဲ

ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံညီလာခံကို သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပပြီးစီးခဲ့ပါပြီ။ ဤငြိမ်းချမ်းရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အန်အယ်လ်ဒီ အစိုးရက ဦးစီးကျင်းပခဲ့ခြင်း ဖြစ်သည့်အတွက် ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးအတွက်လာရောက် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုခဲ့သော KIA အပါ အဝင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော အခြားလက်နက်ကိုင်အဖွဲ့များလည်း အစည်းအဝေးတက်ရောက်ခဲ့သည်ကို တွေ့ရပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အသိအမှတ်ပြုသောအားဖြင့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်စကီမွန်းလည်း တက်ရောက်မိန့်ခွန်းပြောအားပေးခဲ့သည်ကို တွေ့ရသည်။ ညီလာခံ၏ ပထမနှစ်ရက်အတွင်းမှာပင် အင်အားကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သော UWSA ကတင်သွင်းမည့် စာတမ်းကို ဖတ်ရသလို KIA၊ KNU၊ RCSS/SSA တို့က ပြောကြားသော စာတမ်းများကိုလည်း ဖတ်ရပါသည်။ ထို့ပြင်ရွေးကောက်ပွဲ အနိုင်ရတိုင်းရင်းသား နိုင်ငံရေးပါတီများကတင်သွင်း သည့်စာတမ်းများကိုလည်းနားထောင်ရ၊ ဖတ်ရပါသည်။ ANP နှင့် SNLD တို့ကတင်သွင်းသော စာတမ်းများတွင် ပြည်နယ်များကို လူမျိုးအလိုက်ဖြင့်ဖွဲ့စည်းသည့် ဖက်ဒရယ်ပုံစံ၊ အာဏာခွဲဝေမှုတွင် ဗဟိုအစိုးရကို ကန့်သတ်အာဏာပေး၍ ကြွင်းကျန်အာဏာကို ပြည်နယ်များက ရယူထားသည့် စနစ်ကို အဆိုပြုထားသည်။ အဆိုပါစာတမ်းများ၏ကျောရိုး အခြေခံမှာ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ၂၀၀၈ ခုနှစ်က ရေးဆွဲခဲ့သော “ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း)” ပင်ဖြစ်သည်။ ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်တင်သွင်းသော စာတမ်းက SNLD မှတင်သွင်းသော စာတမ်းထက် ပိုမိုပြင်းထန်ပြီး ဖက်ဒရယ်စနစ်ထက် ကွန်ဖက်ဒရယ်စနစ်သို့ဦးတည်နေသည်ဟု သုံးသပ်မိသည်။ ဖက်ဒရယ်တခု မည်သို့ ဖွဲ့တည်လာပုံ (သို့မဟုတ်) အာဏာခွဲဝေပုံ ရှုထောင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ဖက်ဒရယ်စနစ်နှစ်မျိုးနှစ်စား ရှိကြောင်း တင်ပြဆွေးနွေးသည်။ အတူ ယှဉ်တွဲ နေထိုင်ရေး ဖက်ဒရယ်ပုံစံ (Coming together federal) နှင့် အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံ (Holding together federal) ဖြစ်သည်။ ဖက်ဒရယ် ပြည်ထောင်စုတခု မည်သို့ဖွဲ့တည်လာ၍ မည်သို့အာဏာခွဲဝေသနည်း ဆိုသည့်ရှုထောင့်မှ ကြည့်၍ ဤသို့ နှစ်မျိုးရှိသည်ဟု ဆိုခြင်းဖြစ်ပါသည်။ (၁)အတူယှဉ်တွဲနေထိုင်ရေးဖက်ဒရယ်ပုံစံ (Coming together federal) မှာ မူလက လွတ်လပ်စွာတည်ရှိခဲ့သော နိုင်ငံများ (သို့မဟုတ်) ယူနစ်များက စိတ်တူ ကိုယ်တူဖြင့် တနိုင်ငံတည်းအဖြစ်ပေါင်းစည်းကြရန် ရည်ရွယ်ပြီး ဗဟိုအစိုးရကို အာဏာမည်မျှ အပ်နှင်းမည်နည်း ဆိုသည့်သမိုင်း ဆိုင်ရာ အခြေခံမှ ပေါ်ပေါက်လာသည့် ပုံစံဖြစ်ပါသည်။ အထင်ရှားဆုံးသာဓကမှာ အမေရိကန် ပြည်ထောင်စုဖြစ်ပြီး ဆွစ်ဇာလန်၊ သြစတြေးလျ တို့လည်းပါဝင်သည်။ မြောက်အမေရိကတိုက်ရှိ ဗြိတိန်နိုင်ငံ၏ ကိုလိုနီ ၁၃ ခုနှင့် ဗြိတိန်အစိုးရတို့အကြား ၁၇၆၅ ခုနှစ်မှစ၍ တံဆိပ်ခေါင်းဥပဒေ ( Stamp Act ) နှင့် ပတ်သက်ကာ အချင်းများကြရာမှ ၁၇၇၅ ခုနှစ်တွင် စစ်ပွဲဖြစ်ပွါးပြီး ၁၇၇၆ ခုနှစ်တွင် လွတ်လပ်ရေးကြေငြာခဲ့ သည်။ ဂရိတ်ဗြိတိန် လက်အောက်တွင် ကိုလိုနီအဖြစ်နေထိုင်လာခဲ့ကြသောအတွေ့အကြုံအရ အဆိုပါ ၁၃ နယ်သည် အား ကောင်းသော ဗဟိုအစိုးရ ကိုမလိုလားကြချေ။ သို့ဖြစ်၍ လွတ်လပ်ရေးကြေငြာပြီးနောက် ၁၇၈၁ ခုနှစ်တွင် လျော့ရဲရဲရှိသော ပြည်ထောင်စု တခုကို ( Articles of Confederation ) ဟုခေါ်ဆိုသော အခြေခံဥပဒေဖြင့် ဖွဲ့စည်းကြသည်။ ဤအခြေခံဥပဒေဖြင့် ပြည်နယ်များအကြား ဗဟိုအစိုးရထက်ပိုမိုသောအာဏာများကို အညီအမျှခွဲဝေယူခဲ့ကြသည်။ အကန့်အသတ်ရှိသော အာဏာကိုသာ ပေးအပ်ထားသဖြင့် အားနဲချိနဲ့သော ဗဟိုအစိုးရတရပ်နှင့် လျော့တိလျော့ရဲ နိုင်လှသော ကွန်ဖက်ဒရေးရှင်း တခုကိုသာ ပေါ်ထွန်းစေသည်။ ပြည်နယ်များချင်းချင်းအကြား ရှုပ်ထွေး၍ ခက်ခဲသောပြဿနာများ ဖြေရှင်းရန်နှင့် ပြည်ပအန္တရာယ်ကို တွန်းလှန်ရန် အားကောင်းသောဗဟိုအစိုးရလိုအပ်ကြောင်း သဘောပေါက်လာသည့် ၁၇၈၉ ခုနှစ် ကျမှသာ ပိုမိုအား ကောင်း သော ဗဟိုအစိုးရကို ဖွဲ့စည်းနိုင်မည့် အခြေခံဥပဒေ( Constitution of 1789) တရပ်ကို အတည်ပြုနိုင်ခဲ့ကြသည်။ (၂) အတူပေါင်းစည်းရေးဖက်ဒရယ်ပုံစံ (Holding together) ဆိုသည်မှာ မူလဗဟိုကတစုတစည်းထဲချုပ်ကိုင်ထားသော တပြည်ထောင်နိုင်ငံရေးစနစ်မှ လိုအပ်ချက်များအရ အာဏာများကို ဗဟိုနှင့်အောက်အဆင့်များခွဲဝေကျင့်သုံးသည့်ပုံစံဖြစ်ပါသည်။ ဤသို့သောနိုင်ငံမျိုးမှာ နယ်ချဲ့လက်အောက်မှလွတ်လပ်ရေးရသည့်အချိန်တွင်ဖြစ်စေ၊ ပြည်တွင်းစစ်ကြောင့်ပြိုကွဲသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်စေ၊ မူလက တပြည်ထောင်စနစ်ကိုကျင့်သုံးခဲ့ရာမှ ဤဖက်ဒရယ်စနစ်ကိုပြောင်းလဲကျင့်သုံးခြင်းဖြစ်သည်။ အထင်ရှားဆုံးသာဓကမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး၊ စပိန်နှင့် ဘယ်လ်ဂျီယမ်တို့ တွင်လည်းကျင့်သုံးသည်။ ဤစနစ်တွင် မူလကတည်း က ဗဟိုအစိုးရက ပိုမိုကြီးမားသော အာဏာကို ရယူထားလေ့ရှိပြီး နိုင်ငံရေး၊ စီးပွါးရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုင်ရာလိုအပ်ချက်များအရ ဗဟိုချုပ်ကိုင်မှုကို တဖြည်းဖြည်းလျှော့ချပေးသည့် စနစ်ကို ကျင့်သုံးသည်။ ဆိုခဲ့ပါအတိုင်း ဖက်ဒရယ်စနစ်(၂)မျိုးရှိသည်ဟု ပြောခြင်းမှာ မည်သို့ဖွဲ့တည်လာသနည်း ဆိုသည့် ရှုထောင့်မှကြည့်၍ပြောခြင်း သာဖြစ်ပြီး မည်သို့ပေါင်းစပ်ဖွဲ့စည်းကြသနည်း ဆိုသည့်ရူထောင့်မှကြည့်လျှင် တမျိုးတွေ့ရမည်ဖြစ်ပါသည်။ ဖက်ဒရယ်ယူနစ်များကို မည်သည့်အခြေခံဖြင့် ဖွဲ့စည်းသနည်း ရှုထောင့် ကမ္ဘာပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မိမိတို့နိုင်ငံ၏ သမိုင်းဖြတ်သန်းမှုများ မတူကွဲပြားသည့်အလျောက် ခြားနားသည့် ပုံစံအမျိုးမျိုးဖြင့် လက်ခံကျင့်သုံးလျက်ရှိနေကြပါသည်။ ကွဲပြားခြားနားသည့် ပုံစံများမှာလည်း အမျိုးအမည်တိတိကျကျ စံသတ်မှတ်ရန် ခက်ခဲလောက် အောင်ပင် ရှုပ်ထွေးပါသည်။ ဖက်ဒရယ်ပြည်ထောင်စုတွင် ပါဝင်ဖွဲ့စည်းသော ပြည်နယ် (ယူနစ်) အမျိုးအစားများကို အခြေခံ၍ပြောရလျှင် (၃) မျိုးခွဲနိုင်ပါလိမ့်မည်။ (က) လူမျိုးအခြေခံ ပြည်နယ်များဖြင့်ဖွဲ့စည်းသောဖက်ဒရယ်ပြည်ထောင်စု Ethnofederalism (ယခုအခါ..ပြိုကွဲသွားပြီဖြစ်သော ဆိုဗီယက်ယူနီယံ၊ ယူဂိုဆလားဗီးယား၊ ချက်ကိုဆလို ဗက်ကီးယားနှင့် ဘယ်လ်ဂျီယမ် စသဖြင့်) ဤဖက်ဒရယ်စနစ်ကို ဆိုဗီယက် ပြည်ထောင်စုတွင် ၁၉၁၇ ခုနှစ်နှင့် ချက်နှင့်ယူဂိုဆလပ်တို့တွင် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်နောက်ပိုင်း စတင်ကျင့်သုံးခဲ့သည်။ ဤပြည်ထောင်စုနိုင်ငံများ တွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးကိုအခြေခံသည်။ ဥပမာ ဆိုရှယ်လစ် ဖက်ဒရယ်ရီပတ်ဘလစ် ယူဂိုဆလပ်ဗီးယားတွင် ပါဝင်ခဲ့သောပြည်နယ်များမှာ .. ဘော့စနီးယား- ဟာဇီဂိုဗီးနား၊ ကရိုးရှား၊ မက်ဆီဒိုးနီးယား၊ မွန်တီနီးဂရိုး၊ ဆာဗီးယား၊ ဆလိုဗင်းနီးယား စသဖြင့် လူမျိုးကို အခြေခံ၍ ဖွဲ့စည်းထားသည်။ ယူဂိုဆလပ်ဗီးယားတွင် ခေါင်းဆောင် ဂျိုးဇက်တီတိုး ကွယ်လွန်သော ၁၉၈၀ ခုနှစ်နောက်ပိုင်းမှစ၍ ပြည်ထောင်စုအဖွဲ့ဝင် ရီပတ်ဘလစ်များမှ ခေါင်းဆောင်များက တနှစ်တကြိမ် အလှည့်ကျ သမ္မတတာဝန်ယူသော စနစ်ဖြင့်အုပ်ချုပ်ခဲ့သော်လည်း ပြိုကွဲခြင်းကို မတားဆီးနိုင်ခဲ့ပေ။ ၁၉၉၁ မှစ၍ ပြည်တွင်းစစ် ဖြစ်ပွါးပြီး စတင်ပြိုကွဲခဲ့ရာ ၁၉၉၂ ခုနှစ်၊ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၉ ခုနှစ်တို့အတွင်း စစ်ပွဲလေးကြိမ်ဖြစ်ပွါးပြီး နိုင်ငံ (၆) ခုအဖြစ်ပြိုကွဲသွားလေသည်။ ထို့နည်းတူ သမ္မတနိုင်ငံ ၁၅ ခုဖြင့် ဖွဲ့စည်းထားသော ဆိုဗီယက်ယူနီယံသည် ၁၉၉၁ ခုနှစ်တွင်၎င်း၊ ချက်နှင့် ဆလိုဗက် ယူနစ်နှစ် ခုဖြင့်ဖွဲ့စည်းထားသော ချက်ကိုဆလိုဗက်ကီးယားသည် ၁၉၉၃ ခုနှစ်တွင်၎င်း ပြိုကွဲသွားခဲ့သည်။ အဆိုပါ နိုင်ငံ (၃) ခုလုံးမှာ တပါ တီစနစ်ကျင့်သုံးသော ဆိုရှယ်လစ်နိုင်ငံများဖြစ်ကြခဲ့ကြပြီး ဒီမိုကရေစီစနစ်ပြောင်းလဲကျင့်သုံးသည့် ကာလတွင် ပြိုကွဲသွားကြခြင်း ဖြစ်လေရာ ကျနော်တို့ မြန်မာနိုင်ငံ အနေဖြင့် သတိကြီးစွာထားသင့်လှပေသည်။ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော ဘယ်လ်ဂျီယမ် နိုင်ငံမှာ ဥရောပတိုက်ရှိ အသေးငယ်ဆုံး နိုင်ငံငယ်တခုဖြစ်ပြီး ဒတ်ခ်ျစကား ပြောသော ( Flemings) ဖလန်းမင်းများနှင့် ပြင်သစ်စကားပြော သော ဝလွန်း ( walloons ) ဘယ်လ်ဂျီယမ်များနေထိုင်ကြသည်။ ဘယ်လ်ဂျီယမ် ကို Flanders ဖလန်းဒါး၊ wallonia ဝလွန်းနီးယားနှင့် (ပြင်သစ်ဘာသာစကား ပြောသူ များရော ဒတ်ခ်ျဘာသာ စကားပြောသူများပါနေထိုင်သည့်) Brussels ဘရပ်ဆဲ ဒေသသုံးခုအဖြစ်ပိုင်းခြားထားပြီး ဒေသ သုံးခုလုံး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရှိ သည်။ သို့သော်လည်း ဖလန်းမင်းများနှင့် ဝလွန်း တို့အကြား ပွတ်တိုက်မှုများမှာ ယနေ့ထက်တိုင်အောင်ရှိနေကာ မတည့်အတူ နေဘဝက ရုန်းမထွက်နိုင်ကြ သေးချေ။ ၂၁ ရာစုငြိမ်းချမ်းရေးညီလာခံတွင်တွေ့ရသော စာတမ်းတချို့တွင် အဓိကအားဖြင့် ပြည်နယ်များကို လူမျိုးအလိုက်ဖွဲ့စည်းရန် အဆိုပြုထားသည့် အတွက် ၎င်းအမျိုးအစားကို Wright State University မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ Liam Anderson သုံးနှုံးသည့် ဝေါဟာရအရ Ethnofederalism လူမျိုးအခြေပြု ဖက်ဒရယ်ဝါဒ ဟုသတ်မှတ်ရမည်ဖြစ်သည်။ ANP ၏စာတမ်းမှာ ပြိုကွဲသွားပြီဖြစ်သော ယူဂိုဆလပ်ပုံစံကိုယူထားခြင်းဖြစ်ပြီး SNLD ၏ (၈) ပြည်နယ်မူ စာတမ်းမှာလည်း Ethnofederalism ပင် ဖြစ်၍ ကျနော်တို့နိုင်ငံတွင် ကျင့်သုံးရန်သင့်-မသင့် စဉ်းစားကြည့်သင့် ပေသည်။ (ခ) နယ်မြေဒေသကို အခြေခံ၍ဖွဲ့စည်းသော territorial federalism ( အမေရိကန် ပြည်ထောင်စု၊ ဂျာမနီ၊ သြစတြေးလျ၊ ဘရာဇီးလ် စသဖြင့်) ဤပြည်ထောင်စုနိုင်ငံများတွင် ပါဝင်ဖွဲ့စည်းသော ယူနစ်များမှာ လူမျိုးအမည်များကို အခြေမခံဘဲ နေထိုင်ကြသည့် နယ်မြေ ဒေသများကိုသာ အခြေခံသည်။ ထင်ရှားသည့် ဥပမာမှာ အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ကာလီဖိုးနီးယားပြည်နယ်၊ လူဝီဇီးယား နားပြည်နယ်၊ တက္ကဆက် ပြည်နယ် ၊ ဟာဝိုင်အီပြည်နယ် စသဖြင့် အရွယ် အစားအကြီးအသေး မျိုးစုံရှိသော ပြည်နယ် (၅၀) ပါဝင်ပြီး၊ ပြည်နယ်တခုချင်းစီသည် မည်သည့် လူမျိုးကိုမျှ ကိုယ်စားမပြုချေ။ အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ( territorial federalism ) နယ်မြေဒေသကိုအခြေခံသည့် အစောဆုံးသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတနိုင်ငံ ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ဆုံးသောကမ္ဘာ့စီးပွါးရေးအင်အားကြီးနိုင်ငံလည်းဖြစ် ပါသည်။ (ဂ) မျိုးစပ် ဖွဲ့စည်းထားသော hybrid federalism (သို့မဟုတ်) territorial-ethnic federalism ( ကနေဒါ၊ အိန္ဒိယ၊ စပိန်၊ ဆွစ်ဇာလန် ) ဤပြည်ထောင်စုအမျိုးအစားတွင် ပါဝင်ဖွဲ့စည်းထားသော ယူနစ်များမှာ လူမျိုးကိုအခြေခံသည်ရှိသလို ၊ နယ်မြေဒေသကိုသာ အခြေခံသည့် ပြည်နယ်များလည်းရှိသည်။ ဥပမာ အိန္ဒိယနိုင်ငံတွင် တမီးနာဒူး၊ ပန်ဂျပ်၊ မဏိပူ၊ မီဇိုရမ်၊ နာဂလန်း စသည့် လူမျိုး ကိုယ်အစွဲပြုသည့် ပြည်နယ်များနှင့် အူတာပရာဒက်ရှ် ၊ အရူနာချယ်ပရာဒက်ရှ်၊ မီဂါလာယာ စသဖြင့် ဒေသအမည်ကိုသာ အစွဲပြု ခေါ်ဝေါ်သည့် ပြည်နယ်ပေါင်း (၂၈) ခုနှင့် ပြည်ထောင်စုနယ်မြေ (၇) ခု အတူပေါင်းစပ်ဖွဲ့စည်းထားသည်။ အဆိုပါနိုင်ငံများရှိ ဖက်ဒရယ်စနစ်မှာလည်း ယနေ့ထက်တိုင် အောင်မြင်လျက်ရှိသည်။ ဘယ်လို ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုးလဲ သို့ဖြစ်လေရာ မြန်မာနိုင်ငံအနေဖြင့် လူမျိုးစွဲ၊ ဒေသစွဲများ ပိုမိုသဲသန်ပြင်းထန်စေကာ ၊ ပြိုကွဲမှုကိုပိုမိုတိမ်းညွတ်သည့် Ethnofederalism အစား Territorial federalism ဖြစ်စေ Hybrid federalism ဖြစ်စေရွေးချယ်ခြင်းက ပိုမိုသင့်တော်သည်ဟု ထင်မြင်မိပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ မျက်မှောက်အခြေအနေမှာ ပြည်ထောင်စုတွင်ပါဝင်ကြမည့် ပြည်နယ်များ (ယူနစ်များ) က ၁၇၈၁ ခုနှစ် အမေရိကား၏ ၁၃ ပြည်နယ်လို ဗဟိုအစိုးရကို မည်၍မည်မျှသာ အာဏာပေးမည်ဟု ကန့်သတ်ဆုံးဖြတ်ပေးနိုင်သော အခြေ အနေ ( အင်အား) မရှိပါချေ။ မျက်မှောက် ရင်ဆိုင် နေရသော အခြေအနေက Coming together ပုံစံထက် Holding together ပုံစံ ကိုသာလက်ခံရမည့်အနေအထားဖြစ်သည်။ ဗဟိုမှချုပ်ကိုင်မှု လွန်ကဲနေသော အာဏာအချို့ကိုသာ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု နှင့် လူနဲစုတိုင်းရင်းသားလူမျိုးများ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ အတွက် တည်ဆဲအခြေခံဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး ကြိုးစားသွားခြင်းသာလျှင် လက်တွေ့ကျလိမ့်မည်ဟု ယူဆပေသည်။ နိဂုံးချုပ်အနေဖြင့် ဆိုရပါလျှင် လက်တွေ့ဖြစ်နိုင်ချေရှိသည့် Holding together ကိုကျော်၍ Coming together ကို မျက်စိမှိတ်ကာ ဇွတ်တောင်းဆိုနေကြပါလျှင် Fighting forever အခြေအနေကိုသာဆောင်ကြဉ်းလာပြီး နိုင်ငံနှင့် နိုင်ငံသားများ ဆက်လက် ဆင်းရဲဒုက္ခရောက်နေ လိမ့်မည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ်ပေသည်။ ရဲထွန်း (သီပေါ)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up