အာဖဂန်မြို့တော်တွင် ဗုံး ၂ လုံး ဖောက်ခွဲခံရ၊ အနည်းဆုံး လူ ၂၄ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့တော်မှာ စက်တင်ဘာ ၅ ရက်က ဗုံး ၂ လုံး ဆက်တိုက်ဖောက်ခွဲခံရပြီး အနည်းဆုံး လူ ၂၄ ဦး သေဆုံးတယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။ အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန အနီးမှာ ဖောက်ခွဲခံရတာဖြစ်ပြီး သေဆုံးသူတွေထဲမှာ အာဖဂန်ဗိုလ်ချုပ်တဦးနဲ့ အဆင့်မြင့်စစ်အရာရှိ ၂ ဦးလည်း ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ပထမဗုံးကို အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ကူညီကယ်ဆယ်တဲ့လူတွေ စုရုံးရောက်ရှိလာချိန်မှာ အသေခံဗုံးခွဲသူတဦးက ထပ်ပြီး ဖောက်ခွဲခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ လူ ၉၁ ဦးလည်း ဒဏ်ရာရခဲ့ကြပြီး ဖောက်ခွဲမှု ၂ ခုလုံးကို တာလီဘန်တွေက တာဝန်ခံ ကြေညာပါတယ်။ စက်တင်ဘာ ၅ ရက် ညပိုင်းမှာလည်း ကဘူးလ်မြို့တော်မှာ ဗုံးပေါက်ကွဲသံကြားရပြီး သေနတ်ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားခဲ့ရတယ်လို့ ကဘူးလ်မြို့တော် သတင်းတွေက ဆိုပါတယ်။ အဲ့ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ်တော့ မသိရသေးပါဘူး။ ကာကွယ်ရေးဝန်ကြီးဌာနနားမှာ ဖောက်ခွဲခံရတာကတော့ ညနေပိုင်း အစိုးရ၀န်ထမ်းတွေ ရုံးပြန်ချိန်ဖြစ်လို့ အရပ်သားတွေ၊ ရဲလုံခြုံရေးတွေနဲ့ စစ်မှုထမ်းတွေ သေဆုံးခဲ့ကြတယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up