Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာအမျိုးသမီးတဦး အပါအ၀င် ဇီကာဗိုင်းရပ်စ်ကူးစက်သူ ၂ ဦး ထပ်မံတွေ့ရှိ
DVB
·
September 6, 2016
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ်ထဲမှာ မြန်မာအမျိုးသမီးတဦး အပါအ၀င် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ် ၂ ဦး တွေ့ရှိတယ်လို့ ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောပါတယ်။ အဆိုပါအမျိုးသမီး ၂ ဦးလုံး ကိုယ်ဝန်ဆောင်တွေဖြစ်ကြောင်း၊ တဦးမှာ ကိုယ်ဝန် ၈ လရှိ အသက် ၂၈ နှစ်အရွယ် မြန်မာအမျိုးသမီးဖြစ်ပြီး ဆန်ဆိုင်းလုံရပ်ကွက်ထဲကို လွန်ခဲ့တဲ့ တလလောက်ကမှ လာရောက်တည်းခိုနေထိုင်တာပါ။ သူမမှာ အဖုအပိန့်တွေ မရှိပေမယ့် လည်ချောင်းဆက်တိုက်နာလာတာ ရက် ၂၀ ရှိပြီလို့  ချင်းမိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဦးစီးမှူး ဒေါက်တာဖိုင်းဆန် ထန်းယ၀ိနစ်ကွန်းက စက်တင်ဘာ ၅ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။ အခြားတဦးမှာ ဆန်ဆိုင်းလုံရပ်ကွက်မှ ကိုယ်ဝန် ၆ လရှိ ထိုင်းအမျိုးသမီးဖြစ်ကြောင်း၊ သူမမှာ အဖုအပိန့်ထနေပြီး ကြောင်မွေးနဲ့မတည့်လို့ ဖြစ်ရတာလို့ ထင်မှတ်ပေမယ့် စစ်ဆေးကြည့်ရှုရာမှာ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချင်းမိုင်ခရိုင် ပြည်သူ့ကျန်းမာရေး အရေးပေါ်ကယ်ဆယ်ရေးဌာနမှ  ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူများကို အထူးသူနာပြုနဲ့ အနီးကပ် ပြုစုကုသလျက်ရှိပြီး သူတို့ရဲ့ အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင်အနီးတ၀ိုက်မှာလည်း ULV ဆေးနဲ့ ခြင်နှိမ်နင်းရေး လုပ်ခဲ့တယ်လို့  ဦးစီးမှူးက ဆက်ပြောပါတယ်။ ဒါ့အပြင် မြို့နယ်ဆေးရုံတွေမှာ ကိုယ်ဝန်လာအပ်သူတိုင်းကို သေချာစစ်ဆေးဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပြန့်ပွားတဲ့ နိုင်ငံတခုကနေ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ရောက်လာသူတဦးနဲ့ ကာမဆက်ဆံရာမှ ထပ်ဆင့်ကူးစက်ကြောင်း တွေ့ရှိရတဲ့အတွက် ဇီကာဗိုင်းရပ်စ်ဟာ ကာမဆက်ဆံခြင်းမှလည်း ကူးစက်တတ်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဗဟိုဌာနက ထုတ်ပြန်ထားတယ်လို့ ဦးစီးမှူးက ပြောပါတယ်။ ချင်းမိုင်ခရိုင်မှာ အခုနောက်ဆုံး လူ ၂ ဦး အပါအ၀င် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၁ ဦးရှိသွားပြီဖြစ်ပြီး အားလုံးဟာလည်း ဆန်ဆိုင်းမြို့နယ်ကပဲ ဖြစ်ပါတယ်။ (ကိုးကား - အမှတ် ၃ ဒေသ ပြန်ကြားရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024